
ဥရောပကလပ်အသင်းပြိုင်ပွဲတွေရဲ့ ချန်ပီယံအဖြစ်ဆုံးဖြတ်တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာတော့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်တဲ့ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားခဲ့တာပါ။ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့က အိုလံပစ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်း ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ပွဲချိန် ၃၇ မိနစ်မှာ အလာဘာ နဲ့ ၆၅ မိနစ်မှာ ဘန်ဇီးမား တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းကတော့ ဒုတိယပိုင်းမှာ ဂေါ့ဇီကို ထည့်သွင်းခဲ့ပေမယ့် လိုအပ်တဲ့ချေဂိုးတွေမရဘဲ ရှုံးပွဲကြုံခဲ့ရတာပါ။









