ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး SKYNET မှပြသမည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို SKYNET ရုပ်သံလိုင်းကနေ တိုက်ရိုက်(live) ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။SKYNET ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီကတည်းက ထုတ်လွှင့်ပြသ လာခဲ့တာ ဖြစ်ပြီး အခုဘောလုံးရာသီနဲ့ပါဆိုရင် ၁၀နှစ်ဆက်တိုက်ထုတ်လွှင့်ပြသ နိုင်တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသရာမှာလည်း မူရင်းထုတ်လွှင့်ပြသတဲ့ဘက်က ထုတ်လွှင့်တဲ့ အရည်အသွေးအတိုင်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ဆိုပါတယ်။

အသင်းသစ်တွင် လစာ(၃၀%)အထိ လျှော့ယူပေးရန် စီရော်နယ်လ်ဒို စီစဉ်နေ

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းပြောင်းရွှေ့ခွင့်ရရန်အတွက် နည်းလမ်းမျိုးစုံ ရှာဖွေနေရာ အသင်းသစ်တွင် လစာ(၃၀%)အထိ လျှော့ယူပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒို(၃၇ နှစ်)သည် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇွန်လက အသင်းပြောင်းရွှေ့ခွင့်ပြုရန် မန်ယူအသင်းကို တောင်းဆိုခဲ့ပြီး လက်ရှိအချိန်အထိ အသင်းနှင့် ပြန်လည်ပူးပေါင်းခြင်း မပြုခဲ့ပေ။

နောက်ခံလူ ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းခေါ်ယူ

ဂျူဗင်တပ်အသင်းမှ နယ်သာလန်နောက်တန်းလူ ဒီလစ်ကို ၂၀၂၇ ခုနစ် အထိစာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ်က ပြောကြားပါတယ်။ ဘိုင်ယန်က ဒီလစ်ကို ယူရို ၆၇ သန်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပြီး အပိုဆုကြေး နောက်ထပ် ၁၀ သန်း လည်း ပေးရဖွယ်ရှိပါတယ်။

လာမည့်ရာသီမှစ၍ အသက်(၁၂)နှစ်အောက် ဘောလုံးသမားများအား FA မှ ခေါင်းတိုက်ခွင့်ပိတ်ပင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အင်္ဂလန်နိုင်ငံအတွင်း အသက်(၁၂)နှစ်အောက် ဘောလုံးသမားများကို ခေါင်းတိုက်ကစားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။  သုတေသနစစ်တမ်းများအရ ဘောလုံးသမားဟောင်းများ သည် အခြားသာမန်လူများထက် ဦးနှောက်ပျက်စီးပြီး သေဆုံးနိုင်ခြေပိုမိုများပြားကြောင်း တွေ့ရှိရသည့်အတွက် FA က လာမည့်ရာသီမှစ၍ လူငယ်ဘောလုံးသမားများကို ခေါင်းတိုက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

The Open မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင်မရွန်းစမစ် ဗိုလ်စွဲ ပထမဆုံး မေဂျာချန်ပီယံဆု ရရှိခြင်းဖြစ်ပြီး စိန့်အင်ဒရူးကွင်း၌ လျှော့ရိုက်ချက်အများဆုံး စံချိန်တင်

ယခုနှစ်အတွက် နောက်ဆုံးမေဂျာဂေါ့ဖ် ပြိုင်ပွဲဖြစ်သည့် The Open Championship ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင် မရွန်းစမစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘ၀ ပထမဆုံး မေဂျာချန်ပီယံဆုဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ထွက်ခွာခွင့်တောင်းပြီးကတည်းက စီရော်နယ်လ်ဒိုနှင့် စကားမပြောဖြစ်ဟု တန်ဟက်ဂ် ပြောကြား

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က အသင်းမှ ထွက်ခွာခွင့်ပြုရန် စီရော်နယ်လ်ဒို တောင်းဆိုခဲ့ပြီးကတည်းက ၎င်းနှင့် စကားမပြောဖြစ်ဟု ပြောကြားခဲ့သည်။စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့်လက အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုကို မန်ယူအသင်းက ရောင်းထုတ်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို၊ စာချုပ်ပါသဘောတူညီချက် အတိုင်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန်ပင် ဆန္ဒရှိနေကြောင်း သိရသည်။သို့သော် စီရော်နယ်လ်ဒိုသည် ရာသီကြိုကာလ အသင်းနှင့် ပြန်လည်ပူးပေါင်းရန် သတ်မှတ်ထားသည့်နေ့ ရက်၌ မိသားစုအကြောင်းပြချက်ဖြင့် ပြန်ရောက်လာခြင်းမရှိခဲ့ဘဲ အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်များကိုလည်း လွဲချော်ခဲ့ရသည်။

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် ဇူလိုင် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း အန်ဒရေဂါဗယ်အိုတို့ အထူးပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်မည်

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အန်ဒရေဂါဗယ်အိုတို့ အထူးပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်နှင့် အန်ဒရေဂါဗယ်အိုတို့ ထိုးသတ်မည့်အထူးပွဲစဉ်ကို MMA စည်းမျဉ်းနှင့် နပန်းစည်းမျဉ်းများဖြင့်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မာတီနက်ဇ်ကို ပေါင်(၄၅)သန်းဖြင့် မန်ယူ ခေါ်မည်

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။  အသက်(၂၄)နှစ်အရွယ် မာတီနက်ဇ်ဟာ မန်ယူနည်းပြသစ် တန်ဟတ်လက်ထက် ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်ဆီ ရောက်ရှိခဲ့သူပါ။ (၃)ရာသီအတွင်း ပွဲပေါင်း(၁၂၀)ကစားကာ (၆)ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနက်ဇ်အတွက် အသင်း (၂)သင်းကြား သဘောတူညီမှုရခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်အနေနဲ့ ဆေးစစ်ဖို့အတွက် မန်ချက်စတာဆီ ရောက်ရှိနေသလို ဗီဇာအခက်အခဲကြောင့် ဩစတြေးလျခြေစမ်းခရီးကို မလိုက်ပါနိုင်ခဲ့တာပါ။