H-1B ဗီဇာအသစ္တစ္ေစာင္လွ်င္ အေမရိကန္ေဒၚလာ ၁၀၃,၂၆၅ ေကာက္ခံရန္ ထရမ့္အစိုးရ အၿမဲတမ္းစည္းမ်ဥ္း အဆိုျပဳ

H-1B ဗီဇာအသစ္တစ္ေစာင္လွ်င္ အေမရိကန္ေဒၚလာ ၁၀၃,၂၆၅ ေကာက္ခံရန္ ထရမ့္အစိုးရ အၿမဲတမ္းစည္းမ်ဥ္း အဆိုျပဳ
=============================
ဩဂုတ္ ၂၅

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အစိုးရက နည္းပညာကြၽမ္းက်င္မႈျမင့္မားသည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားအတြက္ အသစ္ထုတ္ေပးမည့္ H-1B ဗီဇာတစ္ေစာင္လွ်င္ အေမရိကန္ေဒၚလာ ၁၀၃,၂၆၅ ေကာက္ခံမည့္ စည္းမ်ဥ္းကို အၿမဲတမ္းသတ္မွတ္ရန္ အဆိုျပဳခ်က္တစ္ရပ္ကို တနလၤာေန႔တြင္ ထုတ္ျပန္ခဲ့သည္။

အဆိုပါအခေၾကးေငြသည္ ထရမ့္အစိုးရက ယမန္ႏွစ္တြင္ ပထမဆုံး ယာယီသတ္မွတ္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ တရား႐ုံးမ်ား၌ ဥပေဒႏွင့္ညီ၊ မညီ အျငင္းပြားေနဆဲျဖစ္သည္။

ဇြန္လတြင္ ဖက္ဒရယ္တရားသူႀကီးတစ္ဦးက အဆိုပါအခေၾကးေငြသည္ ဥပေဒႏွင့္မညီေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး ထရမ့္အစိုးရအေနျဖင့္ ေကာက္ခံျခင္းကို တားျမစ္ခဲ့သည္။ ေဘာ့စတြန္အေျခစိုက္ အယူခံတရား႐ုံးက ယင္းဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ေနၿပီး အျခားတရား႐ုံးတစ္ခုကလည္း စီးပြားေရးလုပ္ငန္းအုပ္စုႀကီးတစ္ခုက အခေၾကးေငြကို စိန္ေခၚထားမႈႏွင့္ပတ္သက္၍ ဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ေနသည္။

ထရမ့္အစိုးရ၏ ယာယီအခေၾကးေငြ သတ္မွတ္ခ်က္သည္ စက္တင္ဘာလတြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး အေမရိကန္အမိေျမလုံၿခဳံေရးဌာနက Federal Register တြင္ တနလၤာေန႔ ထုတ္ျပန္ခဲ့သည့္ အဆိုျပဳစည္းမ်ဥ္းအရ ေဒၚလာ ၁၀၃,၂၆၅ အျဖစ္ အၿမဲတမ္းသတ္မွတ္ရန္ ရည္႐ြယ္ထားသည္။ အဆိုပါစည္းမ်ဥ္းကို ယခုႏွစ္ကုန္ပိုင္းတြင္ အၿပီးသတ္ႏိုင္ဖြယ္ရွိသည္။

H-1B ဗီဇာအစီအစဥ္သည္ အေမရိကန္ကုမၸဏီမ်ားအေနျဖင့္ အထူးျပဳကြၽမ္းက်င္မႈလိုအပ္သည့္ လုပ္ငန္းမ်ားတြင္ ေလ့က်င့္သင္ၾကားမႈႏွင့္ ကြၽမ္းက်င္မႈရွိသည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားကို ခန႔္အပ္ႏိုင္ရန္ ခြင့္ျပဳေပးသည့္အစီအစဥ္ျဖစ္သည္။ ႏွစ္စဥ္ H-1B ဗီဇာ ၆၅,၀၀၀ ေစာင္အျပင္ အဆင့္ျမင့္ဘြဲ႕ရရွိထားသူမ်ားအတြက္ ေနာက္ထပ္ ၂၀,၀၀၀ ေစာင္ ထုတ္ေပးသည္။ ဗီဇာသက္တမ္းမွာ ၃ ႏွစ္မွ ၆ ႏွစ္အထိ ျဖစ္သည္။

ထရမ့္၏ အခေၾကးေငြသတ္မွတ္ခ်က္ မထုတ္ျပန္မီ H-1B ဗီဇာအတြက္ ပုံမွန္အခေၾကးေငြမွာ အေမရိကန္ေဒၚလာ ၂,၀၀၀ မွ ၅,၀၀၀ ခန႔္သာ ရွိခဲ့သည္။

သို႔ေသာ္ ယခုအဆိုျပဳထားသည့္ ေဒၚလာ ၁၀၃,၂၆၅ အခေၾကးေငြသည္ အေမရိကန္တြင္ ေက်ာင္းသားဗီဇာျဖင့္ ရွိႏွင့္ၿပီးသား ႏိုင္ငံျခားသားမ်ား H-1B ဗီဇာသို႔ ေျပာင္းလဲေလွ်ာက္ထားျခင္းႏွင့္ လက္ရွိ H-1B ဗီဇာမ်ား သက္တမ္းတိုးျခင္းတို႔အေပၚ သက္ေရာက္မည္မဟုတ္ေၾကာင္း သိရသည္။

H-1B ဗီဇာအစီအစဥ္အေပၚ အျငင္းပြားမႈမ်ား ဆက္လက္ျဖစ္ပြား
ရီပတ္ဘလစ္ကန္ပါတီဝင္ ထရမ့္ႏွင့္ H-1B အစီအစဥ္ကို ေဝဖန္သူမ်ားက ကုမၸဏီမ်ားသည္ အေမရိကန္အလုပ္သမားမ်ား၏ ေနရာတြင္ လုပ္အားခပိုမိုသက္သာသည့္ ႏိုင္ငံျခားသားအလုပ္သမားမ်ားကို အစားထိုးခန႔္ထားရန္ အဆိုပါအစီအစဥ္ကို အလြဲသုံးစားျပဳေနၾကသည္ဟု ေဝဖန္ထားသည္။

စီးပြားေရးလုပ္ငန္းအဖြဲ႕မ်ားႏွင့္ ကုမၸဏီမ်ားကမူ အခ်ိဳ႕ေသာလုပ္ငန္းမ်ားတြင္ အရည္အခ်င္းျပည့္မီသည့္ အေမရိကန္အလုပ္သမား မလုံေလာက္မႈကို ျဖည့္ဆည္းရန္ႏွင့္ အရည္အခ်င္းအျမင့္ဆုံး ကြၽမ္းက်င္သူမ်ားကို အေမရိကန္စီးပြားေရးလုပ္ငန္းမ်ားက ေခၚယူႏိုင္ရန္ H-1B အစီအစဥ္ လိုအပ္ေၾကာင္း ေျပာဆိုထားသည္။

ေဖေဖာ္ဝါရီလကုန္အထိ တရား႐ုံးစာ႐ြက္စာတမ္းမ်ားအရ အလုပ္ရွင္ ၇၀ ခန႔္က H-1B ဗီဇာေလွ်ာက္လႊာ ၈၅ ခုအတြက္ ေဒၚလာ ၁၀၀,၀၀၀ အခေၾကးေငြ ေပးေဆာင္ထားေၾကာင္း သိရသည္။

ထရမ့္က အဆိုပါအခေၾကးေငြ သတ္မွတ္ရာတြင္ အေမရိကန္အက်ိဳးစီးပြားကို ထိခိုက္ေစႏိုင္သည့္ ႏိုင္ငံျခားသားအခ်ိဳ႕၏ ဝင္ေရာက္မႈကို ကန႔္သတ္ရန္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ သမၼတ၏ အာဏာကို အသုံးျပဳခဲ့သည္။

အဆိုပါအခေၾကးေငြကို အေမရိကန္၏ အႀကီးဆုံးစီးပြားေရးလုပ္ငန္းမ်ားကို ကိုယ္စားျပဳသည့္ စည္း႐ုံးလႈံ႕ေဆာ္ေရးအဖြဲ႕ျဖစ္သည့္ U.S. Chamber of Commerce၊ ဒီမိုကရက္ပါတီဦးေဆာင္သည့္ ျပည္နယ္မ်ားႏွင့္ အလုပ္သမားသမဂၢမ်ား၊ အလုပ္ရွင္မ်ား ပူးေပါင္းဖြဲ႕စည္းထားသည့္ အဖြဲ႕တို႔က တရားစြဲဆိုကာ စိန္ေခၚထားသည္။

ထရမ့္အစိုးရ၏ လူဝင္မႈႀကီးၾကပ္ေရး တင္းက်ပ္မႈမ်ားၾကားတြင္ အလုပ္ရွင္မ်ားက ယမန္ႏွစ္ H-1B ဗီဇာအတြက္ ၃၄၄,၀၀၀ ခန႔္ စာရင္းေပးသြင္းခဲ့ၾကၿပီး ၂၀၂၄ ခုႏွစ္ထက္ ၂၅ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့နည္းခဲ့သည္။ ၂၀၂၃ ခုႏွစ္တြင္ ေလွ်ာက္ထားခဲ့သည့္ ၇၉၄,၀၀၀ ခန႔္၏ ထက္ဝက္ေအာက္သာ ရွိခဲ့သည္။

ထရမ့္အစိုးရက H-1B ေလွ်ာက္ထားသူမ်ားအေပၚ ပိုမိုတင္းက်ပ္သည့္ စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ အမိန႔္ေပးထားသည့္အျပင္ ကြၽမ္းက်င္မႈႏွင့္ လစာပိုမိုျမင့္မားသူမ်ားကို ဦးစားေပးမည့္ ဗီဇာေ႐ြးခ်ယ္ေရးစနစ္အသစ္ကိုလည္း အဆိုျပဳထားသည္။

ထို႔အျပင္ ဩဂုတ္လအေစာပိုင္းတြင္ အေမရိကန္အမိေျမလုံၿခဳံေရးဌာနက H-1B အလုပ္သမားမ်ား၏ ေနထိုင္ခြင့္သက္တမ္းတိုးျခင္း သို႔မဟုတ္ အျခားႏိုင္ငံမ်ားတြင္ အေျခစိုက္ေနသည့္ ဝန္ထမ္းမ်ားကို အေမရိကန္သို႔ ေျပာင္းေ႐ႊ႕ခန႔္ထားျခင္းအတြက္ ေလွ်ာက္လႊာအခေၾကးေငြ ေဒၚလာ ၄,၅၀၀ အထိ ထပ္မံသတ္မွတ္ခဲ့ေၾကာင္း သိရသည္။


H-1B ဗီဇာအသစ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံရန် ထရမ့်အစိုးရ အမြဲတမ်းစည်းမျဉ်း အဆိုပြု
=============================
ဩဂုတ် ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နည်းပညာကျွမ်းကျင်မှုမြင့်မားသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် အသစ်ထုတ်ပေးမည့် H-1B ဗီဇာတစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံမည့် စည်းမျဉ်းကို အမြဲတမ်းသတ်မှတ်ရန် အဆိုပြုချက်တစ်ရပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအခကြေးငွေသည် ထရမ့်အစိုးရက ယမန်နှစ်တွင် ပထမဆုံး ယာယီသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးများ၌ ဥပဒေနှင့်ညီ၊ မညီ အငြင်းပွားနေဆဲဖြစ်သည်။

ဇွန်လတွင် ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါအခကြေးငွေသည် ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ခဲ့ပြီး ထရမ့်အစိုးရအနေဖြင့် ကောက်ခံခြင်းကို တားမြစ်ခဲ့သည်။ ဘော့စတွန်အခြေစိုက် အယူခံတရားရုံးက ယင်းဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေပြီး အခြားတရားရုံးတစ်ခုကလည်း စီးပွားရေးလုပ်ငန်းအုပ်စုကြီးတစ်ခုက အခကြေးငွေကို စိန်ခေါ်ထားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေသည်။

ထရမ့်အစိုးရ၏ ယာယီအခကြေးငွေ သတ်မှတ်ချက်သည် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အမေရိကန်အမိမြေလုံခြုံရေးဌာနက Federal Register တွင် တနင်္လာနေ့ ထုတ်ပြန်ခဲ့သည့် အဆိုပြုစည်းမျဉ်းအရ ဒေါ်လာ ၁၀၃,၂၆၅ အဖြစ် အမြဲတမ်းသတ်မှတ်ရန် ရည်ရွယ်ထားသည်။ အဆိုပါစည်းမျဉ်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိသည်။

H-1B ဗီဇာအစီအစဉ်သည် အမေရိကန်ကုမ္ပဏီများအနေဖြင့် အထူးပြုကျွမ်းကျင်မှုလိုအပ်သည့် လုပ်ငန်းများတွင် လေ့ကျင့်သင်ကြားမှုနှင့် ကျွမ်းကျင်မှုရှိသည့် နိုင်ငံခြားသားအလုပ်သမားများကို ခန့်အပ်နိုင်ရန် ခွင့်ပြုပေးသည့်အစီအစဉ်ဖြစ်သည်။ နှစ်စဉ် H-1B ဗီဇာ ၆၅,၀၀၀ စောင်အပြင် အဆင့်မြင့်ဘွဲ့ရရှိထားသူများအတွက် နောက်ထပ် ၂၀,၀၀၀ စောင် ထုတ်ပေးသည်။ ဗီဇာသက်တမ်းမှာ ၃ နှစ်မှ ၆ နှစ်အထိ ဖြစ်သည်။

ထရမ့်၏ အခကြေးငွေသတ်မှတ်ချက် မထုတ်ပြန်မီ H-1B ဗီဇာအတွက် ပုံမှန်အခကြေးငွေမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ မှ ၅,၀၀၀ ခန့်သာ ရှိခဲ့သည်။

သို့သော် ယခုအဆိုပြုထားသည့် ဒေါ်လာ ၁၀၃,၂၆၅ အခကြေးငွေသည် အမေရိကန်တွင် ကျောင်းသားဗီဇာဖြင့် ရှိနှင့်ပြီးသား နိုင်ငံခြားသားများ H-1B ဗီဇာသို့ ပြောင်းလဲလျှောက်ထားခြင်းနှင့် လက်ရှိ H-1B ဗီဇာများ သက်တမ်းတိုးခြင်းတို့အပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

H-1B ဗီဇာအစီအစဉ်အပေါ် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွား
ရီပတ်ဘလစ်ကန်ပါတီဝင် ထရမ့်နှင့် H-1B အစီအစဉ်ကို ဝေဖန်သူများက ကုမ္ပဏီများသည် အမေရိကန်အလုပ်သမားများ၏ နေရာတွင် လုပ်အားခပိုမိုသက်သာသည့် နိုင်ငံခြားသားအလုပ်သမားများကို အစားထိုးခန့်ထားရန် အဆိုပါအစီအစဉ်ကို အလွဲသုံးစားပြုနေကြသည်ဟု ဝေဖန်ထားသည်။

စီးပွားရေးလုပ်ငန်းအဖွဲ့များနှင့် ကုမ္ပဏီများကမူ အချို့သောလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် အမေရိကန်အလုပ်သမား မလုံလောက်မှုကို ဖြည့်ဆည်းရန်နှင့် အရည်အချင်းအမြင့်ဆုံး ကျွမ်းကျင်သူများကို အမေရိကန်စီးပွားရေးလုပ်ငန်းများက ခေါ်ယူနိုင်ရန် H-1B အစီအစဉ် လိုအပ်ကြောင်း ပြောဆိုထားသည်။

ဖေဖော်ဝါရီလကုန်အထိ တရားရုံးစာရွက်စာတမ်းများအရ အလုပ်ရှင် ၇၀ ခန့်က H-1B ဗီဇာလျှောက်လွှာ ၈၅ ခုအတွက် ဒေါ်လာ ၁၀၀,၀၀၀ အခကြေးငွေ ပေးဆောင်ထားကြောင်း သိရသည်။

ထရမ့်က အဆိုပါအခကြေးငွေ သတ်မှတ်ရာတွင် အမေရိကန်အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် နိုင်ငံခြားသားအချို့၏ ဝင်ရောက်မှုကို ကန့်သတ်ရန် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သမ္မတ၏ အာဏာကို အသုံးပြုခဲ့သည်။

အဆိုပါအခကြေးငွေကို အမေရိကန်၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသည့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဖြစ်သည့် U.S. Chamber of Commerce၊ ဒီမိုကရက်ပါတီဦးဆောင်သည့် ပြည်နယ်များနှင့် အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်များ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့တို့က တရားစွဲဆိုကာ စိန်ခေါ်ထားသည်။

ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုများကြားတွင် အလုပ်ရှင်များက ယမန်နှစ် H-1B ဗီဇာအတွက် ၃၄၄,၀၀၀ ခန့် စာရင်းပေးသွင်းခဲ့ကြပြီး ၂၀၂၄ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် လျှောက်ထားခဲ့သည့် ၇၉၄,၀၀၀ ခန့်၏ ထက်ဝက်အောက်သာ ရှိခဲ့သည်။

ထရမ့်အစိုးရက H-1B လျှောက်ထားသူများအပေါ် ပိုမိုတင်းကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးထားသည့်အပြင် ကျွမ်းကျင်မှုနှင့် လစာပိုမိုမြင့်မားသူများကို ဦးစားပေးမည့် ဗီဇာရွေးချယ်ရေးစနစ်အသစ်ကိုလည်း အဆိုပြုထားသည်။

ထို့အပြင် ဩဂုတ်လအစောပိုင်းတွင် အမေရိကန်အမိမြေလုံခြုံရေးဌာနက H-1B အလုပ်သမားများ၏ နေထိုင်ခွင့်သက်တမ်းတိုးခြင်း သို့မဟုတ် အခြားနိုင်ငံများတွင် အခြေစိုက်နေသည့် ဝန်ထမ်းများကို အမေရိကန်သို့ ပြောင်းရွှေ့ခန့်ထားခြင်းအတွက် လျှောက်လွှာအခကြေးငွေ ဒေါ်လာ ၄,၅၀၀ အထိ ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရသည်။