ထိုင္းေတာင္ပိုင္းမွာ အၾကမ္းဖက္မႈေပါင္း ၁၂၀၀ ေက်ာ္ျဖစ္ပြားၿပီး လူေပါင္း ၃၂၀၀ ေက်ာ္ ထိခိုက္ေသဆုံးခဲ့ရ

ထိုင္းေတာင္ပိုင္းမွာ အၾကမ္းဖက္မႈေပါင္း ၁၂၀၀ ေက်ာ္ျဖစ္ပြားၿပီး လူေပါင္း ၃၂၀၀ ေက်ာ္ ထိခိုက္ေသဆုံးခဲ့ရ
============================
ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ နယ္စပ္ေဒသေတြမွာ ၂၀၁၇ ခုႏွစ္ကေန ၂၀၂၆ ခုႏွစ္ဇူလိုင္လအထိျဖစ္ပြားခဲ့တဲ့ မၿငိမ္မသက္မႈေတြေၾကာင့္ လူေပါင္း ၃၂၇၀ ထိခိုက္ေသဆုံးရၿပီး အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္ေပါင္း ၁၂၇၁ ခုအထိ ရွိခဲ့တယ္လို႔ စာရင္းအခ်က္အလက္ေတြအရ သိရပါတယ္။

ဒီအခ်က္အလက္ေတြကို ေတာင္ပိုင္းနယ္စပ္ေဒသ အုပ္ခ်ဳပ္ေရးဌာနနဲ႔ ေဒသတြင္းသတင္းဌာနတစ္ခုတို႔က ဩဂုတ္လ၂၃ ရက္မွာထုတ္ျပန္လိုက္တာပါ။ ျဖစ္စဥ္ေတြကို ၾကည့္မယ္ဆိုရင္ ၂၀၁၇ ခုႏွစ္မွာအၾကမ္းဖက္မႈ ၁၇၅ မႈအထိရွိခဲ့ရာကေန ၂၀၂၀ ျပည့္ႏွစ္မွာ ၅၇ မႈအထိ ေလ်ာ့က်သြားခဲ့ေပမဲ့ အဲဒီေနာက္ပိုင္းမွာေတာ့ ျပန္လည္ျမင့္တက္ လာၿပီး ၂၀၂၄ ခုႏွစ္မွာ အၾကမ္းဖက္မႈေပါင္း ၁၇၀ အထိမ်ားျပားလာခဲ့တာျဖစ္ပါတယ္။

အမွတ္ (၄) စစ္ေဒသမႉးျဖစ္တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ႏိုရာသစ္ပြိဳင္ေနာ့ကေတာ့ အခုေနာက္ပိုင္းျဖစ္ပြားေနတဲ့ တိုက္ခိုက္မႈေတြဟာ တာဝန္ရွိသူမ်ားက မူးယစ္ေဆးဝါးနဲ႔ တရားမဝင္ေမွာင္ခိုဂိုဏ္းႏွိမ္နင္းမႈေတြကို အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္လာေနတာေၾကာင့္ အဲဒီအေပၚမွာလက္စားေခ်တဲ့အေနနဲ႔ အၾကမ္း ဖက္မႈေတြလုပ္ေဆာင္တာျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

အထူးသျဖင့္ ယာရန္ခ႐ိုင္မွာျပဳလုပ္တဲ့စစ္ဆင္ေရးမွာ စီးပြားေရးအရထိခိုက္သြားတဲ့ အၾကမ္းဖက္အဖြဲ႕ေတြက အစိုးရဝန္ထမ္းေတြကို ပစ္မွတ္ထား လက္စားေခ်တာလို႔ ယူဆရပါတယ္။ ဒါ့အျပင္ ေလေၾကာင္းမွပစ္ခတ္တယ္ဆိုတဲ့ သတင္းလႊင့္မႈေတြကိုလည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ႏိုရာသစ္က ျငင္းဆိုလိုက္ၿပီး ရဟတ္ယာဥ္ေတြနဲ႔ ဒ႐ုန္းေတြကို စုံစမ္းေထာက္လွမ္းဖို႔အတြက္ပဲ အသုံးျပဳတာျဖစ္တယ္လို႔ အတည္ျပဳေျပာပါတယ္။

ဩဂုတ္လ ၂၂ ရက္ညမွာေတာ့ ေတာင္ပိုင္းျပည္နယ္သုံးခုရွိ ခ႐ိုင္ေပါင္း ၂၁ ခုမွာဗုံးခြဲမႈ၊ မီးရႈိ႕မႈ၊ ျပည္သူပိုင္ ပစၥည္းမ်ားဖ်က္ဆီးမႈ စတဲ့အၾကမ္းဖက္မႈေပါင္း ၅၁ ခုျဖစ္ပြားထားပါတယ္။ အခုေနာက္ဆုံးျဖစ္ပြားတဲ့ တိုက္ခိုက္မႈေတြမွာ လူႏွစ္ဦးဒဏ္ရာရရွိထားၿပီး အစိုးရအေနနဲ႔ အေရးေပၚတုံ႔ျပန္မႈေတြ လုပ္ေဆာင္ေနပါတယ္။ #MWD _Ref: TN


ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုပေါင်း ၁၂၀၀ ကျော်ဖြစ်ပွားပြီး လူပေါင်း ၃၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရ
============================
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နယ်စပ်ဒေသတွေမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လအထိဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် လူပေါင်း ၃၂၇၀ ထိခိုက်သေဆုံးရပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၂၇၁ ခုအထိ ရှိခဲ့တယ်လို့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီအချက်အလက်တွေကို တောင်ပိုင်းနယ်စပ်ဒေသ အုပ်ချုပ်ရေးဌာနနဲ့ ဒေသတွင်းသတင်းဌာနတစ်ခုတို့က ဩဂုတ်လ၂၃ ရက်မှာထုတ်ပြန်လိုက်တာပါ။ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာအကြမ်းဖက်မှု ၁၇၅ မှုအထိရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၅၇ မှုအထိ လျော့ကျသွားခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ပြန်လည်မြင့်တက် လာပြီး ၂၀၂၄ ခုနှစ်မှာ အကြမ်းဖက်မှုပေါင်း ၁၇၀ အထိများပြားလာခဲ့တာဖြစ်ပါတယ်။

အမှတ် (၄) စစ်ဒေသမှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ်ပွိုင်နော့ကတော့ အခုနောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးနဲ့ တရားမဝင်မှောင်ခိုဂိုဏ်းနှိမ်နင်းမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတာကြောင့် အဲဒီအပေါ်မှာလက်စားချေတဲ့အနေနဲ့ အကြမ်း ဖက်မှုတွေလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အထူးသဖြင့် ယာရန်ခရိုင်မှာပြုလုပ်တဲ့စစ်ဆင်ရေးမှာ စီးပွားရေးအရထိခိုက်သွားတဲ့ အကြမ်းဖက်အဖွဲ့တွေက အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထား လက်စားချေတာလို့ ယူဆရပါတယ်။ ဒါ့အပြင် လေကြောင်းမှပစ်ခတ်တယ်ဆိုတဲ့ သတင်းလွှင့်မှုတွေကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ်က ငြင်းဆိုလိုက်ပြီး ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို စုံစမ်းထောက်လှမ်းဖို့အတွက်ပဲ အသုံးပြုတာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်ညမှာတော့ တောင်ပိုင်းပြည်နယ်သုံးခုရှိ ခရိုင်ပေါင်း ၂၁ ခုမှာဗုံးခွဲမှု၊ မီးရှို့မှု၊ ပြည်သူပိုင် ပစ္စည်းများဖျက်ဆီးမှု စတဲ့အကြမ်းဖက်မှုပေါင်း ၅၁ ခုဖြစ်ပွားထားပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမှာ လူနှစ်ဦးဒဏ်ရာရရှိထားပြီး အစိုးရအနေနဲ့ အရေးပေါ်တုံ့ပြန်မှုတွေ လုပ်ဆောင်နေပါတယ်။ #MWD _Ref: TN