ဖိလစ္ပိုင္ ေတာင္ပိုင္းေက်ာင္း တြင္ ပစ္ခတ္မႈျဖစ္ ပြား၊ ေက်ာင္းသား ၂ ဦးေသဆုံး

ဖိလစ္ပိုင္ ေတာင္ပိုင္းေက်ာင္းတြင္ ပစ္ခတ္မႈျဖစ္ပြား၊ ေက်ာင္းသား ၂ ဦးေသဆုံး
======================
ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္း ဇမ္ဘိုအန္ဂါၿမိဳ႕ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းတြင္ အဂၤါေန႔က ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ေက်ာင္းသား ၂ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူမ်ားအနက္ ပစ္ခတ္သူကိုယ္တိုင္လည္း ပါဝင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။ လက္ရွိတြင္ ပစ္ခတ္မႈျဖစ္စဥ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္သည္ ဖိလစ္ပိုင္ႏိုင္ငံ၌ ႏွစ္လအတြင္း ျဖစ္ပြားသည့္ အလားတူ ေက်ာင္းပစ္ခတ္မႈ ဒုတိယအႀကိမ္ျဖစ္ၿပီး ဇမ္ဘိုအန္ဂါၿမိဳ႕ရွိ ပုဂၢလိကပိုင္ Ateneo de Zamboanga University ႏွင့္ ဆက္စပ္ဖြင့္လွစ္ထားသည့္ ေက်ာင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကနဦးရဲတပ္ဖြဲ႕၏ အစီရင္ခံခ်က္အရ ပစ္ခတ္သူသည္ ပစၥတိုေသနတ္တစ္လက္ႏွင့္ ႐ိုင္ဖယ္ေသနတ္တစ္လက္ကို ေက်ာင္းဝင္းအတြင္း ယူေဆာင္လာၿပီး စာသင္ခန္းအတြင္းရွိ ေက်ာင္းသားမ်ားကို ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။ ပစ္ခတ္သူမွာ Grade 9 ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ျဖစ္စဥ္အတြင္း ၎ကိုယ္တိုင္ အဆုံးစီရင္ေသဆုံးခဲ့သည္။

ေသဆုံးခဲ့သည့္ အျခားေက်ာင္းသားမွာ ပစ္ခတ္သူထက္ တစ္တန္းႀကီးသည့္ အမ်ိဳးသားေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

တကၠသိုလ္ဥကၠ႒ Ernald Andal ကလည္း လက္ရွိတြင္ ပစ္ခတ္မႈ ဆက္လက္ျဖစ္ပြားေနျခင္းမရွိေတာ့ေၾကာင္းႏွင့္ ထပ္မံေသဆုံးသူ သို႔မဟုတ္ ဒဏ္ရာရရွိသူမ်ား မရွိေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။ ေက်ာင္းသားမ်ား၏ ေဘးကင္းလုံၿခဳံေရးကို ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားသည္။

ယင္းျဖစ္စဥ္မတိုင္မီ ဇြန္လအတြင္း တက္ကလိုဘန္ၿမိဳ႕ရွိ အစိုးရအထက္တန္းေက်ာင္းတစ္ေက်ာင္းတြင္လည္း အလားတူ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား ၂ ဦးက ေက်ာင္းဝင္းအတြင္း ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံး ေက်ာင္းသား ၃ ဦး ေသဆုံးကာ အျခားသူ ၂၀ ခန႔္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ ေသနတ္ပိုင္ဆိုင္မႈဆိုင္ရာ စည္းမ်ဥ္းမ်ား တင္းက်ပ္ထားသျဖင့္ ေက်ာင္းပစ္ခတ္မႈမ်ားမွာ ရွားပါးေသာ္လည္း တရားမဝင္ေသနတ္မ်ား ဆက္လက္ပ်ံ႕ႏွံ႔ေနဆဲျဖစ္ေၾကာင္း သိရသည္။ တရားဝင္ေသနတ္ပိုင္ဆိုင္ခြင့္ရရွိရန္ ေနာက္ခံအခ်က္အလက္ စစ္ေဆးျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ အကဲျဖတ္စစ္ေဆးျခင္းမ်ား ျပဳလုပ္ရန္ လိုအပ္ေၾကာင္း သိရသည္။

ျဖစ္စဥ္အၿပီးတြင္ ေက်ာင္းဝင္းအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕မ်ား ေရာက္ရွိလာခဲ့ၿပီး ေက်ာင္းဝင္ေပါက္အျပင္ဘက္တြင္ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ား စုေဝးေနၾကသည္ကို ေတြ႕ရေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္စဥ္သည္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕အျပင္ဘက္ရွိ ေက်ာင္းတစ္ေက်ာင္းတြင္ ေက်ာင္းသားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ၁၀ ရက္မျပည့္မီအခ်ိန္အတြင္း ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ဖိလစ်ပိုင် တောင်ပိုင်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ကျောင်းသား ၂ ဦးသေဆုံး
======================
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇမ်ဘိုအန်ဂါမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ပစ်ခတ်သူကိုယ်တိုင်လည်း ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိတွင် ပစ်ခတ်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဖိလစ်ပိုင်နိုင်ငံ၌ နှစ်လအတွင်း ဖြစ်ပွားသည့် အလားတူ ကျောင်းပစ်ခတ်မှု ဒုတိယအကြိမ်ဖြစ်ပြီး ဇမ်ဘိုအန်ဂါမြို့ရှိ ပုဂ္ဂလိကပိုင် Ateneo de Zamboanga University နှင့် ဆက်စပ်ဖွင့်လှစ်ထားသည့် ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးရဲတပ်ဖွဲ့၏ အစီရင်ခံချက်အရ ပစ်ခတ်သူသည် ပစ္စတိုသေနတ်တစ်လက်နှင့် ရိုင်ဖယ်သေနတ်တစ်လက်ကို ကျောင်းဝင်းအတွင်း ယူဆောင်လာပြီး စာသင်ခန်းအတွင်းရှိ ကျောင်းသားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူမှာ Grade 9 ကျောင်းသားတစ်ဦးဖြစ်ပြီး ဖြစ်စဉ်အတွင်း ၎င်းကိုယ်တိုင် အဆုံးစီရင်သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် အခြားကျောင်းသားမှာ ပစ်ခတ်သူထက် တစ်တန်းကြီးသည့် အမျိုးသားကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

တက္ကသိုလ်ဥက္ကဋ္ဌ Ernald Andal ကလည်း လက်ရှိတွင် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေခြင်းမရှိတော့ကြောင်းနှင့် ထပ်မံသေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူများ မရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်မတိုင်မီ ဇွန်လအတွင်း တက်ကလိုဘန်မြို့ရှိ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းတွင်လည်း အလားတူ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသား ၂ ဦးက ကျောင်းဝင်းအတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး ကျောင်းသား ၃ ဦး သေဆုံးကာ အခြားသူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သေနတ်ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းများ တင်းကျပ်ထားသဖြင့် ကျောင်းပစ်ခတ်မှုများမှာ ရှားပါးသော်လည်း တရားမဝင်သေနတ်များ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း သိရသည်။ တရားဝင်သေနတ်ပိုင်ဆိုင်ခွင့်ရရှိရန် နောက်ခံအချက်အလက် စစ်ဆေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

ဖြစ်စဉ်အပြီးတွင် ကျောင်းဝင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး ကျောင်းဝင်ပေါက်အပြင်ဘက်တွင် ကျောင်းသားများနှင့် မိဘများ စုဝေးနေကြသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပြင်ဘက်ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၀ ရက်မပြည့်မီအချိန်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။