တယ္လီဂရမ္(Telegram) တည္ေထာင္သူ ပါဗယ္ဒူေရာ့ကို အၾကမ္းဖက္မႈတြင္ ကူညီမႈျဖင့္ ႐ုရွားက အလိုရွိေန

တယ္လီဂရမ္(Telegram) တည္ေထာင္သူ ပါဗယ္ဒူေရာ့ကို အၾကမ္းဖက္မႈတြင္ ကူညီမႈျဖင့္ ႐ုရွားက အလိုရွိေန
====================
႐ုရွားႏိုင္ငံ၏ ျပည္တြင္းလုံၿခဳံေရးေအဂ်င္စီ (FSB) က တယ္လီဂရမ္ တည္ေထာင္သူ ပါဗယ္ဒူေရာ့ကို အၾကမ္းဖက္မႈမ်ားတြင္ ကူညီပံ့ပိုးခဲ့သည္ဟုဆိုကာ အမႈဖြင့္တရားစြဲဆိုလိုက္ၿပီး ႏိုင္ငံတကာ အလိုရွိသူမ်ားစာရင္းတြင္ ထည့္သြင္းလိုက္ေၾကာင္း ဇူလိုင္ ၂၉ ရက္တြင္ ထုတ္ျပန္သည္။

FSB က တယ္လီဂရမ္(Telegram)သည္ ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕မ်ားႏွင့္ အစြန္းေရာက္အဖြဲ႕အစည္းမ်ား အသုံးျပဳေနသည့္ Channel မ်ား၊ Chat မ်ားႏွင့္ Bot မ်ားစြာကို ဖယ္ရွားေပးရန္ ပ်က္ကြက္ခဲ့ေၾကာင္း စြပ္စြဲထားကာ ထိုပလက္ေဖာင္းမ်ားကို ဖ်က္ဆီးေရးလုပ္ရပ္မ်ား၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ ဆိုက္ဘာလိမ္လည္မႈမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳခဲ့ၿပီး လူေသဆုံးမႈမ်ားရွိခဲ့သည္ဟု ဆိုထားသည္။

ယူကရိန္းလုံၿခဳံေရးအဖြဲ႕မ်ားသည္ တယ္လီဂရမ္(Telegram)ေပၚရွိ လူသိမ်ားသည့္ Dating Chat Bot တစ္ခုကို အသုံးျပဳကာ ႐ုရွားႏိုင္ငံသားမ်ားကို ဖ်က္ဆီးရန္ႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားတြင္ ပါဝင္ေစရန္ ဆြဲေဆာင္ခဲ့ေၾကာင္း FSB က ေျပာသည္။ ၂၀၂၅ ခုႏွစ္ ဇူလိုင္ကတည္းက အသက္ ၁၂ ႏွစ္မွ ၂၂ ႏွစ္ၾကား Chat Bot အသုံးျပဳသူ ၄၆ ဦးကို ႐ုရွားႏိုင္ငံအႏွံ႔ ဖမ္းဆီးထားသည္ဟုလည္း သိရသည္။

ပါဗယ္ဒူေရာ့ကမူ ႐ုရွားအစိုးရသည္ တယ္လီဂရမ္ကို ထိန္းခ်ဳပ္ရန္ႏွင့္ လြတ္လပ္စြာ ေျပာဆိုခြင့္၊ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္မ်ားကို ထိန္းခ်ဳပ္ရန္ အေၾကာင္းျပခ်က္ ဖန္တီးေနျခင္းသာျဖစ္ေၾကာင္း ယခင္ကတည္းက တုံ႔ျပန္ခဲ့သည္။ ယခုအမႈတြင္ အျပစ္ရွိသည္ဟု ဆုံးျဖတ္ပါက ႐ုရွားတြင္ ေထာင္တစ္သက္တစ္ကြၽန္းအထိ က်ႏိုင္သည္။

႐ုရွားအစိုးရသည္ ယူကရိန္းစစ္ပြဲ စတင္ခဲ့သည့္ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း အင္တာနက္ထိန္းခ်ဳပ္မႈမ်ားကို ပိုတင္းက်ပ္လာခဲ့ၿပီး “Max” အမည္ရွိ ျပည္တြင္း Messaging App ကို အစားထိုးသုံးစြဲရန္ အားေပးခဲ့သည္။ လုံၿခဳံေရးကြၽမ္းက်င္သူမ်ားက အဆိုပါ အက္ပလီေကးရွင္းတြင္ End-to-End Encryption မပါရွိသျဖင့္ အသုံးျပဳသူမ်ား၏ ကိုယ္ေရးကိုယ္တာ လုံၿခဳံေရးအတြက္ စိုးရိမ္စရာရွိေၾကာင္း သတိေပးထားသည္။

Ref: AP


တယ်လီဂရမ်(Telegram) တည်ထောင်သူ ပါဗယ်ဒူရော့ကို အကြမ်းဖက်မှုတွင် ကူညီမှုဖြင့် ရုရှားက အလိုရှိနေ
====================
ရုရှားနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအေဂျင်စီ (FSB) က တယ်လီဂရမ် တည်ထောင်သူ ပါဗယ်ဒူရော့ကို အကြမ်းဖက်မှုများတွင် ကူညီပံ့ပိုးခဲ့သည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုလိုက်ပြီး နိုင်ငံတကာ အလိုရှိသူများစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။

FSB က တယ်လီဂရမ်(Telegram)သည် ယူကရိန်းထောက်လှမ်းရေးအဖွဲ့များနှင့် အစွန်းရောက်အဖွဲ့အစည်းများ အသုံးပြုနေသည့် Channel များ၊ Chat များနှင့် Bot များစွာကို ဖယ်ရှားပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားကာ ထိုပလက်ဖောင်းများကို ဖျက်ဆီးရေးလုပ်ရပ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်ဟု ဆိုထားသည်။

ယူကရိန်းလုံခြုံရေးအဖွဲ့များသည် တယ်လီဂရမ်(Telegram)ပေါ်ရှိ လူသိများသည့် Dating Chat Bot တစ်ခုကို အသုံးပြုကာ ရုရှားနိုင်ငံသားများကို ဖျက်ဆီးရန်နှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်စေရန် ဆွဲဆောင်ခဲ့ကြောင်း FSB က ပြောသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်ကတည်းက အသက် ၁၂ နှစ်မှ ၂၂ နှစ်ကြား Chat Bot အသုံးပြုသူ ၄၆ ဦးကို ရုရှားနိုင်ငံအနှံ့ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

ပါဗယ်ဒူရော့ကမူ ရုရှားအစိုးရသည် တယ်လီဂရမ်ကို ထိန်းချုပ်ရန်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များကို ထိန်းချုပ်ရန် အကြောင်းပြချက် ဖန်တီးနေခြင်းသာဖြစ်ကြောင်း ယခင်ကတည်းက တုံ့ပြန်ခဲ့သည်။ ယခုအမှုတွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ရုရှားတွင် ထောင်တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည်။

ရုရှားအစိုးရသည် ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း အင်တာနက်ထိန်းချုပ်မှုများကို ပိုတင်းကျပ်လာခဲ့ပြီး “Max” အမည်ရှိ ပြည်တွင်း Messaging App ကို အစားထိုးသုံးစွဲရန် အားပေးခဲ့သည်။ လုံခြုံရေးကျွမ်းကျင်သူများက အဆိုပါ အက်ပလီကေးရှင်းတွင် End-to-End Encryption မပါရှိသဖြင့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်စရာရှိကြောင်း သတိပေးထားသည်။

Ref: AP