“ေဆြး ေႏြး ပြဲ မ ေအာင္ ျမင္ ရင္ စစ္ေရးတိုက္ခိုက္မႈ ျပန္စမယ္” လို႔ အီရန္ကို ထရမ့္ သတိေပး

“ေဆြးေႏြးပြဲ မေအာင္ျမင္ရင္ စစ္ေရးတိုက္ခိုက္မႈ ျပန္စမယ္” လို႔ အီရန္ကို ထရမ့္ သတိေပး
=========================
ဇူလိုင္ ၂၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏွင့္ ေဆြးေႏြးမႈမ်ား အေျခအေနေကာင္းမြန္ေနၿပီး ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္တစ္ရပ္ ရရွိႏိုင္ေျခရွိေၾကာင္း ေျပာၾကားခဲ့သလို၊ ေဆြးေႏြးပြဲမ်ား မေအာင္ျမင္ပါက အေမရိကန္၏ စစ္ေရးတိုက္ခိုက္မႈမ်ားကို ျပန္လည္စတင္သြားမည္ဟုလည္း သတိေပးေျပာၾကားခဲ့သည္။
ဇူလိုင္ ၂၇ ရက္က ျပဳလုပ္သည့္ ေျပာၾကားခ်က္တြင္ ထရမ့္က “ေဆြးေႏြးမႈေတြ ေကာင္းေကာင္းလုပ္ေနပါတယ္။ ေအာင္ျမင္ႏိုင္တဲ့ အခြင့္အလမ္းရွိပါတယ္။ မေအာင္ျမင္ရင္ေတာ့ ႏွစ္ရက္အရင္က လုပ္ခဲ့သလိုပဲ ျပန္လုပ္သြားမွာပါ” ဟု ေျပာၾကားခဲ့သည္။
ထရမ့္က ေဆြးေႏြးေရးအေပၚ အေကာင္းျမင္သေဘာထား ထုတ္ေဖာ္ခဲ့ေသာ္လည္း အီရန္ဘက္ကမူ အေမရိကန္၏ စစ္ေရးရပ္နားမႈကို စမ္းသပ္သည့္သေဘာျဖင့္ လႈပ္ရွားမႈမ်ား ျပဳလုပ္ခဲ့သည့္ အရိပ္လကၡဏာမ်ား ေပၚေပါက္ခဲ့ၿပီး ေဆာ္ဒီအာေရဗ်၊ ေဂ်ာ္ဒန္ႏွင့္ အီရတ္ႏိုင္ငံတို႔တြင္ ဒ႐ုန္းတိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သက္ဆိုင္ရာႏိုင္ငံမ်ားက ထုတ္ျပန္ခဲ့သည္။
အေမရိကန္သည္ ငါးလၾကာ ပဋိပကၡအတြင္း ႏွစ္ပတ္ဆက္တိုက္ ျပဳလုပ္ခဲ့သည့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ဇူလိုင္ ၂၅ ရက္တြင္ ႐ုတ္တရက္ ရပ္ဆိုင္းခဲ့သည္။
မီခ်ီဂန္ျပည္နယ္၌ က်င္းပသည့္ မဲဆြယ္စည္း႐ုံးပြဲတြင္လည္း ထရမ့္က “အီရန္ကို ညႇိႏႈိင္းၿပီး ဝယ္လို႔မရဘူး။ အႏိုင္ယူရမွာျဖစ္တယ္။ ဒါေပမဲ့ အခုလက္ရွိေတာ့ အလြန္ေဖာ္ေ႐ြတဲ့ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္” ဟု ထပ္မံေျပာၾကားခဲ့သည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အက္စ္ေမးလ္ ဘာဂါအီက ႏွစ္ဖက္အၾကား ၾကားဝင္ဖ်န္ေျဖသူမ်ားမွတစ္ဆင့္ သတင္းစကားမ်ား ဆက္လက္ဖလွယ္ေနဆဲျဖစ္ၿပီး အီရန္အေနျဖင့္ သံတမန္ေရးလမ္းေၾကာင္းကို စြန႔္လႊတ္ထားျခင္း မရွိေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္ အီရန္ဘက္က ေဆြးေႏြးပြဲေတာင္းဆိုခဲ့သည္ဆိုေသာ သတင္းမ်ားမွာ မမွန္ကန္ေၾကာင္း ျငင္းဆိုခဲ့သည္။
Reuters သို႔ အီရန္အႀကီးတန္းတာဝန္ရွိသူတစ္ဦးကလည္း အေမရိကန္၏ အပစ္ရပ္အစီအစဥ္ ဆက္လက္တည္ရွိေနသေ႐ြ႕ အီရန္ဘက္ကလည္း တိုက္ခိုက္မႈမ်ားကို ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
တစ္ဖက္တြင္ အီရန္စစ္ဘက္က အေမရိကန္သည္ အီရန္ေရပိုင္နက္အတြင္း သေဘၤာမ်ားႏွင့္ ေရနံတင္သေဘၤာမ်ားကို ၿခိမ္းေျခာက္ေနၿပီး တရားမဝင္ ေရေၾကာင္းပိတ္ဆို႔မႈ ျပဳလုပ္ရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲခဲ့သည္။
ေဆာ္ဒီအာေရဗ်ကလည္း ေရနံအေျခခံအေဆာက္အအုံမ်ားကို ဦးတည္ပ်ံသန္းလာသည့္ ဒ႐ုန္းမ်ားကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ယင္းဒ႐ုန္းမ်ားမွာ အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕မ်ားက အီရတ္ႏိုင္ငံမွ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ယီမင္ရွိ ဟူသီအဖြဲ႕ကလည္း ေဆာ္ဒီႏိုင္ငံ၏ Yanbu ဆိပ္ကမ္းသို႔ ေရနံပို႔ေဆာင္သည့္ East-West Pipeline ကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး အီရန္ကလည္း ကမာၻ႔စြမ္းအင္တင္ပို႔မႈအတြက္ အေရးပါသည့္ ေဟာ္မုဇ္ေရလက္ၾကားကို ဆက္လက္ထိန္းခ်ဳပ္ထားဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ အေမရိကန္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ရပ္ဆိုင္းသြားျခင္းႏွင့္ ေဆြးေႏြးေရးအေပၚ ထရမ့္၏ မွတ္ခ်က္မ်ားေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းမ်ား က်ဆင္းခဲ့ၿပီး အေမရိကန္ေရနံစိမ္းေဈးသည္ တစ္စည္လွ်င္ ၈၁ ဒသမ ၉၈ ေဒၚလာသို႔ က်ဆင္းကာ Brent ေရနံေဈးမွာလည္း တစ္စည္လွ်င္ ၈၇ ဒသမ ၇၇ ေဒၚလာအထိ ေလ်ာ့က်ခဲ့သည္။
အေမရိကန္စစ္ဘက္တာဝန္ရွိသူတစ္ဦး၏ အဆိုအရ စစ္ေရးရည္မွန္းခ်က္မ်ား အတိုင္းအတာတစ္ခုအထိ ၿပီးေျမာက္ေနၿပီျဖစ္ေၾကာင္း စစ္ဘက္ေခါင္းေဆာင္မ်ားက သမၼတထရမ့္အား အႀကံျပဳခဲ့ျခင္းေၾကာင့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ရပ္ဆိုင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု Reuters က ေဖာ္ျပထားသည္။
လက္ရွိတြင္ အေမရိကန္ႏွင့္ အီရန္တို႔သည္ အီရန္၏ န်ဴကလီးယားအစီအစဥ္အပါအဝင္ အဓိကျပႆနာမ်ားကို ေျဖရွင္းရန္ ၾသဂုတ္လမကုန္မီ ေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရး သေဘာတူထားေသာ္လည္း ေဟာ္မုဇ္ေရလက္ၾကား ျဖတ္သန္းခြင့္ႏွင့္ပတ္သက္၍ ႏွစ္ဖက္အၾကား သေဘာထားကြဲလြဲမႈမ်ား ဆက္လက္ရွိေနေၾကာင္း သိရသည္။
“ဆွေးနွေးပွဲ မအောင်မြင်ရင် စစ်ရေးတိုက်ခိုက်မှု ပြန်စမယ်” လို့ အီရန်ကို ထရမ့် သတိပေး
=========================
ဇူလိုင် ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ဆွေးနွေးမှုများ အခြေအနေကောင်းမွန်နေပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်တစ်ရပ် ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့သလို၊ ဆွေးနွေးပွဲများ မအောင်မြင်ပါက အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများကို ပြန်လည်စတင်သွားမည်ဟုလည်း သတိပေးပြောကြားခဲ့သည်။
ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် ပြောကြားချက်တွင် ထရမ့်က “ဆွေးနွေးမှုတွေ ကောင်းကောင်းလုပ်နေပါတယ်။ အောင်မြင်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ မအောင်မြင်ရင်တော့ နှစ်ရက်အရင်က လုပ်ခဲ့သလိုပဲ ပြန်လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထရမ့်က ဆွေးနွေးရေးအပေါ် အကောင်းမြင်သဘောထား ထုတ်ဖော်ခဲ့သော်လည်း အီရန်ဘက်ကမူ အမေရိကန်၏ စစ်ရေးရပ်နားမှုကို စမ်းသပ်သည့်သဘောဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အရိပ်လက္ခဏာများ ပေါ်ပေါက်ခဲ့ပြီး ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံတို့တွင် ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံများက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ငါးလကြာ ပဋိပက္ခအတွင်း နှစ်ပတ်ဆက်တိုက် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို ဇူလိုင် ၂၅ ရက်တွင် ရုတ်တရက် ရပ်ဆိုင်းခဲ့သည်။
မီချီဂန်ပြည်နယ်၌ ကျင်းပသည့် မဲဆွယ်စည်းရုံးပွဲတွင်လည်း ထရမ့်က “အီရန်ကို ညှိနှိုင်းပြီး ဝယ်လို့မရဘူး။ အနိုင်ယူရမှာဖြစ်တယ်။ ဒါပေမဲ့ အခုလက်ရှိတော့ အလွန်ဖော်ရွေတဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက နှစ်ဖက်အကြား ကြားဝင်ဖျန်ဖြေသူများမှတစ်ဆင့် သတင်းစကားများ ဆက်လက်ဖလှယ်နေဆဲဖြစ်ပြီး အီရန်အနေဖြင့် သံတမန်ရေးလမ်းကြောင်းကို စွန့်လွှတ်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်ဘက်က ဆွေးနွေးပွဲတောင်းဆိုခဲ့သည်ဆိုသော သတင်းများမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။
Reuters သို့ အီရန်အကြီးတန်းတာဝန်ရှိသူတစ်ဦးကလည်း အမေရိကန်၏ အပစ်ရပ်အစီအစဉ် ဆက်လက်တည်ရှိနေသရွေ့ အီရန်ဘက်ကလည်း တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင် အီရန်စစ်ဘက်က အမေရိကန်သည် အီရန်ရေပိုင်နက်အတွင်း သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ခြိမ်းခြောက်နေပြီး တရားမဝင် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
ဆော်ဒီအာရေဗျကလည်း ရေနံအခြေခံအဆောက်အအုံများကို ဦးတည်ပျံသန်းလာသည့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းဒရုန်းများမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များက အီရတ်နိုင်ငံမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယီမင်ရှိ ဟူသီအဖွဲ့ကလည်း ဆော်ဒီနိုင်ငံ၏ Yanbu ဆိပ်ကမ်းသို့ ရေနံပို့ဆောင်သည့် East-West Pipeline ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အီရန်ကလည်း ကမ္ဘာ့စွမ်းအင်တင်ပို့မှုအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းသွားခြင်းနှင့် ဆွေးနွေးရေးအပေါ် ထရမ့်၏ မှတ်ချက်များကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းခဲ့ပြီး အမေရိကန်ရေနံစိမ်းဈေးသည် တစ်စည်လျှင် ၈၁ ဒသမ ၉၈ ဒေါ်လာသို့ ကျဆင်းကာ Brent ရေနံဈေးမှာလည်း တစ်စည်လျှင် ၈၇ ဒသမ ၇၇ ဒေါ်လာအထိ လျော့ကျခဲ့သည်။
အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦး၏ အဆိုအရ စစ်ရေးရည်မှန်းချက်များ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်နေပြီဖြစ်ကြောင်း စစ်ဘက်ခေါင်းဆောင်များက သမ္မတထရမ့်အား အကြံပြုခဲ့ခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Reuters က ဖော်ပြထားသည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့သည် အီရန်၏ နျူကလီးယားအစီအစဉ်အပါအဝင် အဓိကပြဿနာများကို ဖြေရှင်းရန် သြဂုတ်လမကုန်မီ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး သဘောတူထားသော်လည်း ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်နှင့်ပတ်သက်၍ နှစ်ဖက်အကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေကြောင်း သိရသည်။




