ၿခိမ္းေျခာက္မႈမ်ားေအာက္တြင္ ေဆြးေႏြးရန္ အီရန္ျငင္းဆို၊ ထရန႔္က ေရတပ္ပိတ္ဆို႔မႈ ဆက္လက္ထားရွိမည္ဟု တုံ႔ျပန္

ၿခိမ္းေျခာက္မႈမ်ားေအာက္တြင္ ေဆြးေႏြးရန္ အီရန္ျငင္းဆို၊ ထရန႔္က ေရတပ္ပိတ္ဆို႔မႈ ဆက္လက္ထားရွိမည္ဟု တုံ႔ျပန္
===================================
ဧၿပီ ၂၁
အေမရိကန္ႏွင့္ အီရန္တို႔အၾကား ရွစ္ပတ္ၾကာ ျဖစ္ ပြားေနေသာ စစ္ပြဲကို အဆုံးသတ္ရန္ ႀကိဳးပမ္းေနသည့္ သံတမန္ေရးရာ အားထုတ္မႈမ်ားသည္ ယေန႔တြင္ ပိုမိုရႈပ္ေထြးေသာ အေျခအေနသို႔ ေရာက္ရွိသြားခဲ့သည္။ ပါကစၥတန္ႏိုင္ငံ၌ ဒုတိယအႀကိမ္ေျမာက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း ႏွစ္ဖက္အျပန္အလွန္ စြပ္စြဲခ်က္မ်ားႏွင့္ စစ္ေရးလႈပ္ရွားမႈမ်ားေၾကာင့္ ေဆြးေႏြးပြဲအလားအလာမွာ အရိပ္မည္းမ်ား ဖုံးလႊမ္းေနသည္။
အီရန္အစိုးရက ၎တို႔အေနျဖင့္ “ၿခိမ္းေျခာက္မႈမ်ား၏ အရိပ္ေအာက္တြင္” မည္သည့္ညႇိႏႈိင္းမႈမွ် ျပဳလုပ္မည္မဟုတ္ေၾကာင္း တရားဝင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ အထူးသျဖင့္ တနဂၤေႏြေန႔က အီရန္ကုန္တင္သေဘၤာ “Touska” ကို အေမရိကန္ေရတပ္က အိုမန္ပင္လယ္ေကြ႕အတြင္း စီးနင္းသိမ္းဆည္းလိုက္ျခင္းမွာ “လက္နက္ကိုင္ ပင္လယ္ဓားျပလုပ္ရပ္” ျဖစ္ ေၾကာင္း အီရန္က စြပ္စြဲလိုက္ၿပီး၊ ယင္းလုပ္ရပ္အတြက္ မၾကာမီ တုံ႔ျပန္သြားမည္ဟု သတိေပးခဲ့သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ကမူ အီရန္အေနျဖင့္ အေမရိကန္က ကမ္းလွမ္းထားသည့္ သေဘာတူညီခ်က္ကို “နည္းေကာင္းနဲ႔ျဖစ္ျဖစ္၊ နည္းၾကမ္းနဲ႔ျဖစ္ျဖစ္” လက္ခံရမည္ဟု Truth Social တြင္ ေရးသားခဲ့သည္။ အကယ္၍ သေဘာတူညီခ်က္မရပါက အီရန္ရွိ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ တံတားအားလုံးကို ေခ်မႈန္းဖ်က္ဆီးပစ္မည္ဟု ၿခိမ္း ေျခာက္ခဲ့သလို၊ အီရန္ဆိပ္ကမ္းမ်ားအေပၚ ခ်မွတ္ထားသည့္ ေရတပ္ပိတ္ဆို႔မႈကိုလည္း ဆက္လက္ထားရွိသြားမည္ဟု ဆိုသည္။
လက္ရွိေဆြးေႏြးပြဲမ်ားတြင္ အဓိက အဟန႔္အတားျဖစ္ေနသည့္ အခ်က္မ်ားစြာရွိရာ ေဟာ္မုဇ္ေရလက္ ၾကားကို အီရန္က ၎၏ အခ်ဳပ္အျခာအာဏာေအာက္တြင္ ထားရွိၿပီး ျဖတ္သန္းခြန္ေကာက္ရန္ ႀကိဳးပမ္းေနေသာ္လည္း အေမရိကန္က လြတ္လပ္စြာ သြားလာခြင့္ကို ေတာင္းဆိုေနျခင္းလည္း ပါဝင္သည္။
ထို႔အျပင္ အေမရိကန္က အီရန္ဆိပ္ကမ္းမ်ားကို ပိတ္ဆို႔ထားျခင္းကို အီရန္က စစ္ရာဇဝတ္မႈအျဖစ္ သတ္မွတ္ကာ ခ်က္ခ်င္းဖယ္ရွားေပးရန္ ေတာင္းဆိုေနၿပီး အေမရိကန္၏ အလြန္အကြၽံေတာင္းဆိုခ်က္မ်ားကို အီရန္ဘက္က အႏိုင္က်င့္မႈအျဖစ္ ရႈျမင္ေနသည္။
ၿမိဳ႕ေတာ္ အစၥလာမၼာဘတ္တြင္ လုံၿခဳံေရးမ်ား အျမင့္ဆုံး တင္းက်ပ္ထားၿပီး ေဆြးေႏြးပြဲအတြက္ အသင့္ျပင္ထားေသာ္လည္း၊ အီရန္ဘက္ကမူ ေဆြးေႏြးပြဲကို “စစ္ေျမျပင္၏ အဆက္အစပ္တစ္ခု” အျဖစ္သာ ရႈျမင္ၿပီး အမ်ိဳးသားအက်ိဳးစီးပြားအတြက္သာ လုပ္ ေဆာင္မည္ဟု ဆိုထားရာ ယေန႔က်င္းပရန္ စီစဥ္ထားသည့္ ေဆြးေႏြးပြဲမွာ ျဖစ္ေျမာက္ရန္ မေသခ်ာေသးသည့္ အေျခအေနတြင္ ရွိေနပါသည္။
ခြိမ်းခြောက်မှုများအောက်တွင် ဆွေးနွေးရန် အီရန်ငြင်းဆို၊ ထရန့်က ရေတပ်ပိတ်ဆို့မှု ဆက်လက်ထားရှိမည်ဟု တုံ့ပြန်
===================================
ဧပြီ ၂၁
အမေရိကန်နှင့် အီရန်တို့အကြား ရှစ်ပတ်ကြာ ဖြစ် ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သံတမန်ရေးရာ အားထုတ်မှုများသည် ယနေ့တွင် ပိုမိုရှုပ်ထွေးသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၌ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း နှစ်ဖက်အပြန်အလှန် စွပ်စွဲချက်များနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ဆွေးနွေးပွဲအလားအလာမှာ အရိပ်မည်းများ ဖုံးလွှမ်းနေသည်။
အီရန်အစိုးရက ၎င်းတို့အနေဖြင့် “ခြိမ်းခြောက်မှုများ၏ အရိပ်အောက်တွင်” မည်သည့်ညှိနှိုင်းမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ အထူးသဖြင့် တနင်္ဂနွေနေ့က အီရန်ကုန်တင်သင်္ဘော “Touska” ကို အမေရိကန်ရေတပ်က အိုမန်ပင်လယ်ကွေ့အတွင်း စီးနင်းသိမ်းဆည်းလိုက်ခြင်းမှာ “လက်နက်ကိုင် ပင်လယ်ဓားပြလုပ်ရပ်” ဖြစ် ကြောင်း အီရန်က စွပ်စွဲလိုက်ပြီး၊ ယင်းလုပ်ရပ်အတွက် မကြာမီ တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်အနေဖြင့် အမေရိကန်က ကမ်းလှမ်းထားသည့် သဘောတူညီချက်ကို “နည်းကောင်းနဲ့ဖြစ်ဖြစ်၊ နည်းကြမ်းနဲ့ဖြစ်ဖြစ်” လက်ခံရမည်ဟု Truth Social တွင် ရေးသားခဲ့သည်။ အကယ်၍ သဘောတူညီချက်မရပါက အီရန်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားအားလုံးကို ချေမှုန်းဖျက်ဆီးပစ်မည်ဟု ခြိမ်း ခြောက်ခဲ့သလို၊ အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုကိုလည်း ဆက်လက်ထားရှိသွားမည်ဟု ဆိုသည်။
လက်ရှိဆွေးနွေးပွဲများတွင် အဓိက အဟန့်အတားဖြစ်နေသည့် အချက်များစွာရှိရာ ဟော်မုဇ်ရေလက် ကြားကို အီရန်က ၎င်း၏ အချုပ်အခြာအာဏာအောက်တွင် ထားရှိပြီး ဖြတ်သန်းခွန်ကောက်ရန် ကြိုးပမ်းနေသော်လည်း အမေရိကန်က လွတ်လပ်စွာ သွားလာခွင့်ကို တောင်းဆိုနေခြင်းလည်း ပါဝင်သည်။
ထို့အပြင် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းကို အီရန်က စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ချက်ချင်းဖယ်ရှားပေးရန် တောင်းဆိုနေပြီး အမေရိကန်၏ အလွန်အကျွံတောင်းဆိုချက်များကို အီရန်ဘက်က အနိုင်ကျင့်မှုအဖြစ် ရှုမြင်နေသည်။
မြို့တော် အစ္စလာမ္မာဘတ်တွင် လုံခြုံရေးများ အမြင့်ဆုံး တင်းကျပ်ထားပြီး ဆွေးနွေးပွဲအတွက် အသင့်ပြင်ထားသော်လည်း၊ အီရန်ဘက်ကမူ ဆွေးနွေးပွဲကို “စစ်မြေပြင်၏ အဆက်အစပ်တစ်ခု” အဖြစ်သာ ရှုမြင်ပြီး အမျိုးသားအကျိုးစီးပွားအတွက်သာ လုပ် ဆောင်မည်ဟု ဆိုထားရာ ယနေ့ကျင်းပရန် စီစဉ်ထားသည့် ဆွေးနွေးပွဲမှာ ဖြစ်မြောက်ရန် မသေချာသေးသည့် အခြေအနေတွင် ရှိနေပါသည်။



