အပူလြန္ရာသီဥတုျဖစ္စဥ္ေၾကာင့္ လူေပါင္း ၄၅၁၀၀၀ ေသဆုံးႏိုင္ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္အမ်ားဆုံးျဖစ္ႏိုင္

အပူလြန္ရာသီဥတုျဖစ္စဥ္ေၾကာင့္ လူေပါင္း ၄၅၁၀၀၀ ေသဆုံးႏိုင္ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္အမ်ားဆုံးျဖစ္ႏိုင္
==============================
အလြန္ျပင္းထန္သည့္ အပူလြန္ရာသီဥတုျဖစ္စဥ္ေၾကာင့္ ကမာၻတစ္ဝန္းလုံးတြင္အပူခ်ိန္လြန္ကဲျပင္းထန္မႈႏွင့္ဆက္စပ္၍လူသိန္းေပါင္းမ်ားစြာေသဆုံးႏိုင္ေျခရွိေနေၾကာင္းႏွင့္ ဖြံၿဖိဳးဆဲႏိုင္ငံမ်ားတြင္ လူေသဆုံးမႈအမ်ားဆုံးျဖစ္ႏိုင္ေၾကာင္း သုေတသနအသစ္တစ္ခုကေဖာ္ျပထားသည္။
ခ်ီကာဂိုတကၠသိုလ္ႏွင့္ အျခားအဖြဲ႕အစည္းမ်ားမွသုေတသီမ်ားပါဝင္သည့္ Climate Impact Lab အမည္ရွိ သုေတသနဌာနကထုတ္ျပန္ေသာအစီရင္ခံစာအရ ၂၀၂၆- ၂၀၂၇ ခုႏွစ္ အပူလြန္ရာသီဥတုျဖစ္စဥ္ျဖစ္ပြားမႈေၾကာင့္ ကမာၻတစ္ဝန္းေသဆုံးသူစုစုေပါင္း ၄၅၁၀၀၀ အထိရွိႏိုင္ေၾကာင္းေဖာ္ျပထားသည္ကိုေတြ႕ရသည္။
အဆိုပါရာသီဥတုျဖစ္စဥ္သည္ ကမာၻ႔ေတာင္ျခမ္းႏိုင္ငံမ်ားအေပၚ အျပင္းထန္ဆုံးသက္ေရာက္မည္ျဖစ္ၿပီး ေနာက္လာမည့္ေျခာက္လအတြင္း အာဖရိကရွိဆာဟယ္ေဒသတစ္ဝန္းမွ ေသဆုံးသူ ၆၆၈၀၀၊အင္ဒိုနီးရွားႏိုင္ငံမွ ေသဆုံးသူ ၁၉၃၀၀၊ အိႏၵိယႏိုင္ငံမွေသဆုံးသူ ၁၅၈၀၀ ႏွင့္ ဘရာဇီးႏိုင္ငံမွ ေသဆုံးသူ ၁၃၃၀၀ အထိရွိလာမည္ျဖစ္ေၾကာင္း သုေတသီမ်ားကခန႔္မွန္းထားသည္။
အလားတူ စက္တင္ဘာလမွ လာမည့္ႏွစ္ေဖေဖာ္ဝါရီလအတြင္း အေမရိကန္၌အပူဒဏ္ေၾကာင့္ေသဆုံးသူ ၃၅၀၀ ဝန္းက်င္ရွိႏိုင္ကာ ထိုသို႔ျဖစ္လာမည့္အေျခအေနကို ဖမ္းဆုပ္ထိန္းခ်ဳပ္ထားႏိုင္ရန္ခက္ခဲေၾကာင္း Climate Impact Lab အဖြဲ႕ကို ပူးတြဲတည္ေထာင္သူမိုက္ကယ္ဂရင္းစတုန္းကေျပာသည္။
အကယ္၍ ကမာၻႀကီးသည္ ယခုကဲ့သို႔ပင္ဆက္လက္ပူေႏြးေနမည္ဆိုပါက ယခုအပူလြန္ရာသီဥတုျဖစ္စဥ္ႏွင့္ဆက္စပ္၍ျဖစ္ေပၚလာေသာ အပူခ်ိန္မ်ားမွာ လာမည့္ႏွစ္ ၂၀ အတြင္း ျဖစ္ေလ့ျဖစ္ထရွိသည့္အပူခ်ိန္ကဲ့သို႔ျဖစ္လာမည္ျဖစ္ေၾကာင္းသုေတသနပညာရွင္မ်ားကေျပာသည္။
ဩဂုတ္လအတြင္းျဖစ္ေပၚခဲ့ေသာ ကမာၻတစ္ဝန္းပ်မ္းမွ်အပူခ်ိန္သည္ ၁၆ ဒသမ ၉၆ ဒီဂရီစင္တီဂရိတ္အထိ ရွိလာသျဖင့္အပူဆုံးလအျဖစ္စံခ်ိန္တင္ထားေၾကာင္းသိရသည္။ Ref: RTAI
အပူလွန်ရာသီဥတုဖြစ်စဉ်ကြောင့် လူပေါင်း ၄၅၁၀၀၀ သေဆုံးနိုင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အများဆုံးဖြစ်နိုင်
==============================
အလွန်ပြင်းထန်သည့် အပူလွန်ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင်အပူချိန်လွန်ကဲပြင်းထန်မှုနှင့်ဆက်စပ်၍လူသိန်းပေါင်းများစွာသေဆုံးနိုင်ခြေရှိနေကြောင်းနှင့် ဖွံဖြိုးဆဲနိုင်ငံများတွင် လူသေဆုံးမှုအများဆုံးဖြစ်နိုင်ကြောင်း သုတေသနအသစ်တစ်ခုကဖော်ပြထားသည်။
ချီကာဂိုတက္ကသိုလ်နှင့် အခြားအဖွဲ့အစည်းများမှသုတေသီများပါဝင်သည့် Climate Impact Lab အမည်ရှိ သုတေသနဌာနကထုတ်ပြန်သောအစီရင်ခံစာအရ ၂၀၂၆- ၂၀၂၇ ခုနှစ် အပူလွန်ရာသီဥတုဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူစုစုပေါင်း ၄၅၁၀၀၀ အထိရှိနိုင်ကြောင်းဖော်ပြထားသည်ကိုတွေ့ရသည်။
အဆိုပါရာသီဥတုဖြစ်စဉ်သည် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအပေါ် အပြင်းထန်ဆုံးသက်ရောက်မည်ဖြစ်ပြီး နောက်လာမည့်ခြောက်လအတွင်း အာဖရိကရှိဆာဟယ်ဒေသတစ်ဝန်းမှ သေဆုံးသူ ၆၆၈၀၀၊အင်ဒိုနီးရှားနိုင်ငံမှ သေဆုံးသူ ၁၉၃၀၀၊ အိန္ဒိယနိုင်ငံမှသေဆုံးသူ ၁၅၈၀၀ နှင့် ဘရာဇီးနိုင်ငံမှ သေဆုံးသူ ၁၃၃၀၀ အထိရှိလာမည်ဖြစ်ကြောင်း သုတေသီများကခန့်မှန်းထားသည်။
အလားတူ စက်တင်ဘာလမှ လာမည့်နှစ်ဖေဖော်ဝါရီလအတွင်း အမေရိကန်၌အပူဒဏ်ကြောင့်သေဆုံးသူ ၃၅၀၀ ဝန်းကျင်ရှိနိုင်ကာ ထိုသို့ဖြစ်လာမည့်အခြေအနေကို ဖမ်းဆုပ်ထိန်းချုပ်ထားနိုင်ရန်ခက်ခဲကြောင်း Climate Impact Lab အဖွဲ့ကို ပူးတွဲတည်ထောင်သူမိုက်ကယ်ဂရင်းစတုန်းကပြောသည်။
အကယ်၍ ကမ္ဘာကြီးသည် ယခုကဲ့သို့ပင်ဆက်လက်ပူနွေးနေမည်ဆိုပါက ယခုအပူလွန်ရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ဖြစ်ပေါ်လာသော အပူချိန်များမှာ လာမည့်နှစ် ၂၀ အတွင်း ဖြစ်လေ့ဖြစ်ထရှိသည့်အပူချိန်ကဲ့သို့ဖြစ်လာမည်ဖြစ်ကြောင်းသုတေသနပညာရှင်များကပြောသည်။
ဩဂုတ်လအတွင်းဖြစ်ပေါ်ခဲ့သော ကမ္ဘာတစ်ဝန်းပျမ်းမျှအပူချိန်သည် ၁၆ ဒသမ ၉၆ ဒီဂရီစင်တီဂရိတ်အထိ ရှိလာသဖြင့်အပူဆုံးလအဖြစ်စံချိန်တင်ထားကြောင်းသိရသည်။ Ref: RTAI




