အီရန္အေပၚ သမိုင္းတစ္ေလွ်ာက္ အျပင္းထန္ဆုံး ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္မည္ဟု အေမရိကန္ ဘ႑ာေရးဝန္ႀကီး ေျပာ

အီရန္အေပၚ သမိုင္းတစ္ေလွ်ာက္ အျပင္းထန္ဆုံး ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္မည္ဟု အေမရိကန္ ဘ႑ာေရးဝန္ႀကီး ေျပာ
=============================
ဩဂုတ္ ၂၁
အီရန္အေပၚ အေမရိကန္က သမိုင္းတစ္ေလွ်ာက္ အျပင္းထန္ဆုံး စီးပြားေရးပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္သြားမည္ျဖစ္ၿပီး ယင္းလုပ္ေဆာင္ခ်က္ေၾကာင့္ အႀကီးစား စစ္ေရးစစ္ဆင္ေရးမ်ား ျပန္လည္စတင္ရန္ လိုအပ္မႈ ေလ်ာ့နည္းလာႏိုင္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး Scott Bessent က ေျပာၾကားသည္။
Bessent ၏ ေျပာၾကားခ်က္သည္ အေမရိကန္သမၼတ Donald Trump က ဩဂုတ္ ၂၀ ရက္တြင္ အီရန္အေပၚ “စီးပြားေရးစစ္ပြဲ” ဆင္ႏႊဲမည္ဟု ေျပာၾကားၿပီး အီရန္ကို မည္သည့္ပုံစံျဖင့္မဆို အေထာက္အပံ့ေပးသည့္ ႏိုင္ငံမ်ားအေနျဖင့္ ႀကီးမားသည့္ စီးပြားေရးအက်ိဳးဆက္မ်ား ရင္ဆိုင္ရမည္ဟု သတိေပးခဲ့ၿပီးေနာက္ ထြက္ေပၚလာျခင္းျဖစ္သည္။
အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈအသစ္မ်ားႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို လာမည့္သီတင္းပတ္တြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း Bessent က ေျပာသည္။
Bessent က အီရန္အေပၚ အျမင့္ဆုံးအဆင့္ စီးပြားေရးဖိအားေပးမႈမ်ား ျပဳလုပ္ႏိုင္ပါက အႀကီးစား စစ္ေရးတိုက္ခိုက္မႈမ်ား ျပန္လည္စတင္ရန္ အလားအလာ ေလ်ာ့နည္းသြားမည္ဟု ဆိုသည္။
အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈ ၿခိမ္းေျခာက္ခ်က္မ်ား ထြက္ေပၚလာၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွ ေရနံတင္ပို႔မႈ အခက္အခဲမ်ားႏွင့္ စစ္ပြဲၾကာရွည္လာမႈမ်ားေၾကာင့္ ေရနံေဈးႏႈန္းမ်ား ဩဂုတ္ ၂၀ ရက္တြင္ သုံးပတ္ေက်ာ္အတြင္း အျမင့္ဆုံးအဆင့္သို႔ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ အီရန္က ကမာၻ႔ေရနံကုန္သြယ္ေရးအတြက္ အေရးပါသည့္ ေဟာ္မုဇ္ေရလက္ၾကား မွ သေဘၤာသြားလာမႈကို ကန႔္သတ္ႏိုင္သည့္ စြမ္းရည္ရွိေနျခင္းကလည္း ကမာၻ႔စြမ္းအင္ေဈးကြက္အေပၚ စိုးရိမ္မႈမ်ား ျမင့္တက္ေစခဲ့သည္။
အီရန္သည္ ၁၉၇၉ ခုႏွစ္ အစၥလာမ္မစ္ေတာ္လွန္ေရးေနာက္ပိုင္း အေမရိကန္၏ ျပင္းထန္သည့္ စီးပြားေရးပိတ္ဆို႔အေရးယူမႈမ်ားကို ဆက္တိုက္ခံေနရသည့္ ႏိုင္ငံျဖစ္သည္။
တစ္ဖက္တြင္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္၏ စီးပြားေရးႏွင့္ ကုန္သြယ္ေရးပိတ္ဆို႔အေရးယူမႈမ်ားကို ရႈတ္ခ်ခဲ့ၿပီး ယင္းလုပ္ရပ္မ်ားသည္ “စီးပြားေရးအၾကမ္းဖက္မႈ” ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
အီရန္ေရနံ၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္ကို တ႐ုတ္ႏိုင္ငံက ဝယ္ယူေနေၾကာင္း ၂၀၂၅ ခုႏွစ္ အခ်က္အလက္မ်ားအရ Kpler က ေဖာ္ျပထားသျဖင့္ အီရန္ႏွင့္ စီးပြားေရးဆက္ဆံေနသည့္ တ႐ုတ္ႏိုင္ငံကိုပါ အေမရိကန္က ပစ္မွတ္ထားလာပါက ႏွစ္ႏိုင္ငံအၾကား စီးပြားေရးတင္းမာမႈမ်ား ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ား ရွိေနသည္။
တ႐ုတ္ႏိုင္ငံ ဝါရွင္တန္သံ႐ုံးကလည္း ပိတ္ဆို႔အေရးယူမႈႏွင့္ ဖိအားေပးမႈမ်ားသည္ ျပႆနာကို ေျဖရွင္းႏိုင္မည္မဟုတ္ေၾကာင္း ေျပာၾကားၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားအေနျဖင့္ ႏိုင္ငံေရးႏွင့္ သံတမန္ေရးနည္းလမ္းမ်ားျဖင့္ ေျဖရွင္းရန္ တိုက္တြန္းထားသည္။
အေမရိကန္ျပည္တြင္းတြင္လည္း စစ္ပြဲအဆုံးသတ္ရန္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး ေလာင္စာဆီေဈးႏႈန္း ျမင့္တက္မႈမ်ားက အေမရိကန္အစိုးရအေပၚ ျပည္တြင္းႏိုင္ငံေရးဖိအားမ်ား ျဖစ္ေပၚေစႏိုင္ေၾကာင္း Reuters က ေဖာ္ျပထားသည္။
အီရန်အပေါ် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပြော
=============================
ဩဂုတ် ၂၁
အီရန်အပေါ် အမေရိကန်က သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်ကြောင့် အကြီးစား စစ်ရေးစစ်ဆင်ရေးများ ပြန်လည်စတင်ရန် လိုအပ်မှု လျော့နည်းလာနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားသည်။
Bessent ၏ ပြောကြားချက်သည် အမေရိကန်သမ္မတ Donald Trump က ဩဂုတ် ၂၀ ရက်တွင် အီရန်အပေါ် “စီးပွားရေးစစ်ပွဲ” ဆင်နွှဲမည်ဟု ပြောကြားပြီး အီရန်ကို မည်သည့်ပုံစံဖြင့်မဆို အထောက်အပံ့ပေးသည့် နိုင်ငံများအနေဖြင့် ကြီးမားသည့် စီးပွားရေးအကျိုးဆက်များ ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Bessent က ပြောသည်။
Bessent က အီရန်အပေါ် အမြင့်ဆုံးအဆင့် စီးပွားရေးဖိအားပေးမှုများ ပြုလုပ်နိုင်ပါက အကြီးစား စစ်ရေးတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် အလားအလာ လျော့နည်းသွားမည်ဟု ဆိုသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်ချက်များ ထွက်ပေါ်လာပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှု အခက်အခဲများနှင့် စစ်ပွဲကြာရှည်လာမှုများကြောင့် ရေနံဈေးနှုန်းများ ဩဂုတ် ၂၀ ရက်တွင် သုံးပတ်ကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အီရန်က ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား မှ သင်္ဘောသွားလာမှုကို ကန့်သတ်နိုင်သည့် စွမ်းရည်ရှိနေခြင်းကလည်း ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
အီရန်သည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အမေရိကန်၏ ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဆက်တိုက်ခံနေရသည့် နိုင်ငံဖြစ်သည်။
တစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများကို ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်များသည် “စီးပွားရေးအကြမ်းဖက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်ရေနံ၏ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ဝယ်ယူနေကြောင်း ၂၀၂၅ ခုနှစ် အချက်အလက်များအရ Kpler က ဖော်ပြထားသဖြင့် အီရန်နှင့် စီးပွားရေးဆက်ဆံနေသည့် တရုတ်နိုင်ငံကိုပါ အမေရိကန်က ပစ်မှတ်ထားလာပါက နှစ်နိုင်ငံအကြား စီးပွားရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
တရုတ်နိုင်ငံ ဝါရှင်တန်သံရုံးကလည်း ပိတ်ဆို့အရေးယူမှုနှင့် ဖိအားပေးမှုများသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။
အမေရိကန်ပြည်တွင်းတွင်လည်း စစ်ပွဲအဆုံးသတ်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး လောင်စာဆီဈေးနှုန်း မြင့်တက်မှုများက အမေရိကန်အစိုးရအပေါ် ပြည်တွင်းနိုင်ငံရေးဖိအားများ ဖြစ်ပေါ်စေနိုင်ကြောင်း Reuters က ဖော်ပြထားသည်။




