ပခုကၠဴၿမိဳ႕နယ္ရွိ ၁၃၂ ေကဗြီ ဓာတ္အားလိုင္း မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ ၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္မီးျပတ္ေတာက္

ပခုကၠဴၿမိဳ႕နယ္ရွိ ၁၃၂ ေကဗြီ ဓာတ္အားလိုင္း မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ ၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္မီးျပတ္ေတာက္
==================
မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕နယ္ ေပါင္ေလာင္ကန္႐ြာအနီးရွိ ၁၃၂ ေကဗြီ မဟာဓာတ္အားလိုင္းတိုင္အမွတ္ (၃၃၈) ကို ဇူလိုင္ ၁၉ ရက္ ည ၇ နာရီခြဲခန႔္တြင္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ပခုကၠဴ၊ ေရစႀကိဳ၊ ၿမိဳင္ႏွင့္ ကမၼၿမိဳ႕မ်ားသို႔ သြယ္တန္းထားသည့္ လွ်ပ္စစ္မီးလိုင္းမ်ား ျပတ္ေတာက္သြားခဲ့ၿပီး မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၁၃၂ ေကဗြီ ဓာတ္အားေပးကြန္ရက္စနစ္၏ တည္ၿငိမ္မႈကိုလည္း ထိခိုက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေဒသအခ်ိဳ႕တြင္ ဗို႔အားက်ဆင္းျခင္းႏွင့္ ရံဖန္ရံခါ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရွိရသည္။
မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ပ်က္စီးခဲ့သည့္ ဓာတ္အားလိုင္းတိုင္ေနရာသို႔ နယ္ေျမလုံၿခဳံေရးအဖြဲ႕မ်ားႏွင့္အတူ ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံးမွ ဝန္ထမ္းမ်ား သြားေရာက္ကာ အျမန္ဆုံး ျပန္လည္ျပဳျပင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည္။ လွ်ပ္စစ္ဝန္ထမ္းမ်ားအေနျဖင့္ ဓာတ္အားျပန္လည္ပို႔လႊတ္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနေသာ္လည္း လမ္းေၾကာင္းတစ္ေလွ်ာက္ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ အခက္အခဲမ်ား ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တာဝန္သိျပည္သူမ်ားႏွင့္ ပူးေပါင္း၍ က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးႏွင့္ ေဒသလုံၿခဳံေရးတိုးျမႇင့္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ပခုက္ကူမြို့နယ်ရှိ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် မြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်
==================
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီးရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းတိုင်အမှတ် (၃၃၈) ကို ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ ဓာတ်အားပေးကွန်ရက်စနစ်၏ တည်ငြိမ်မှုကိုလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒေသအချို့တွင် ဗို့အားကျဆင်းခြင်းနှင့် ရံဖန်ရံခါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့သည့် ဓာတ်အားလိုင်းတိုင်နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများ သွားရောက်ကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေးအခြေအနေများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။




