ဗင္နီဇြဲလားငလ်င္ေၾကာင့္ လူ ၃,၃၀၀ ေက်ာ္ ေသဆုံးၿပီး ၅ ေသာင္းေက်ာ္ ေပ်ာက္ဆုံးေနဆဲ၊ မီးသတ္သမားေဟာင္း တစ္ဦးက အပ်က္အစီးမ်ားၾကားမွ ဖခင္ႏွင့္ ညီငယ္ႏွစ္ဦးကို ၂၀ နာရီေက်ာ္အၾကာတြင္ ျပန္လည္ကယ္တင္ႏိုင္ခဲ့

ဗင္နီဇြဲလားငလ်င္ေၾကာင့္ လူ ၃,၃၀၀ ေက်ာ္ ေသဆုံးၿပီး ၅ ေသာင္းေက်ာ္ ေပ်ာက္ဆုံးေနဆဲ၊ မီးသတ္သမားေဟာင္း တစ္ဦးက အပ်က္အစီးမ်ားၾကားမွ ဖခင္ႏွင့္ ညီငယ္ႏွစ္ဦးကို ၂၀ နာရီေက်ာ္အၾကာတြင္ ျပန္လည္ကယ္တင္ႏိုင္ခဲ့
======================
ဇူလိုင္ ၆
ဗင္နီဇြဲလားႏိုင္ငံတြင္ ရာစုႏွစ္တစ္ခုေက်ာ္အတြင္း ေသဆုံးမႈအမ်ားဆုံးျဖစ္ခဲ့သည့္ ျပင္းအား ၇.၂ အဆင့္ရွိ ကမႊာငလ်င္ႀကီးမ်ားေၾကာင့္ လက္ရွိအခ်ိန္အထိ လူေပါင္း ၃,၃၄၂ ဦး ေသဆုံးေၾကာင္း အတည္ျပဳထားၿပီး၊ လူေပါင္း ၅၀,၀၀၀ ေက်ာ္ ေပ်ာက္ ဆုံးေနဆဲျဖစ္သည္။
ယခုကဲ့သို႔ အေဆာက္အအုံေပါင္း ရာႏွင့္ခ်ီ ၿပိဳက်ပ်က္စီးခဲ့သည့္ ေဘးဒုကၡဆိုးႀကီးအတြင္း အပ်က္အစီးမ်ားေအာက္၌ ပိတ္မိေနေသာ ဖခင္ႏွင့္ ညီငယ္ႏွစ္ဦးကို မီးသတ္သမားေဟာင္းျဖစ္သူ သားႀကီးျဖစ္သူက ၂၀ နာရီေက်ာ္အၾကာတြင္ အံ့ဖြယ္ျပန္ လည္ကယ္ထုတ္ႏိုင္ခဲ့သည့္ ဝမ္းနည္းစရာႏွင့္ စိတ္လႈပ္ရွားဖြယ္ျဖစ္ရပ္တစ္ခု လူထုၾကား ေရပန္းစားလ်က္ရွိသည္။ ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္ ညေန ၆ နာရီေက်ာ္အခ်ိန္က လာဂြိဳင္ရာ (La Guaira) ၿမိဳ႕၏ ကမ္းေျခဆင္ေျခဖုံးရပ္ ကြက္ရွိ ၁၁ ထပ္ျမင့္ ကြန္ကရစ္အေဆာက္အအုံႀကီးျဖစ္ေသာ ရီတာဆိုးလ္ ပဲေလ့စ္(Ritasol Palace)၏ ဒုတိယထပ္တြင္ ေမာ္ေတာ္ယာဥ္မကၠင္းနစ္ျဖစ္သူ အသက္ ၄၆ ႏွစ္အ႐ြယ္ ဟိုေဆး ဂါစီယာ(Jose Garcia)သည္ ဇနီး၊ အသက္ ၇ ႏွစ္ႏွင့္ ၁၂ ႏွစ္အ႐ြယ္ သားငယ္ႏွစ္ဦးတို႔ႏွင့္အတူ ရွိေနစဥ္ ျပင္းထန္ေသာ ငလ်င္ႏွစ္ခု ဆက္တိုက္လႈပ္ခတ္သြားခဲ့သည္။ စကၠန႔္ပိုင္းအတြင္း အေဆာက္အအုံႀကီးတစ္ခုလုံး ၿပိဳက်ပ်က္စီးသြားခဲ့ရာ ဟိုေဆးႏွင့္ ၎၏သားငယ္ႏွစ္ဦးသည္ ဒုတိယထပ္မွေန၍ အေဆာက္အအုံ၏ ေျမေအာက္ထပ္အထိ ၿပိဳက်ပိတ္မိကာ ေျမျမဳပ္ျခင္း ခံခဲ့ရသည္။
ဟိုေဆး၏ သားႀကီးျဖစ္သူ အသက္ ၂၆ ႏွစ္အ႐ြယ္ ေဟရႈး ဂါစီယာ(Jesus Garcia)သည္ ယခင္က မီးသတ္သမားတစ္ဦးျဖစ္ၿပီး ငလ်င္မလႈပ္မီကပင္ အလုပ္မွ ထြက္ထားခဲ့သူျဖစ္သည္။ ၎သည္ အခင္းျဖစ္ပြားရာေနရာသို႔ အေျပးအလႊား ေရာက္ရွိလာခ်ိန္တြင္ ၎၏ မီးသတ္ရဲေဘာ္ေဟာင္းတစ္ဦးက ေဟရႈး၏ မီးသတ္ဦးထုပ္ႏွင့္ ဂ်ာကင္အက်ႌတို႔ကို ယူေဆာင္ေပးခဲ့ၿပီး ဖခင္ျဖစ္သူ အသက္ရွင္လ်က္ ေအာက္တြင္ ပိတ္မိေနေၾကာင္း ေျပာၾကားခဲ့သည္။
ေဟရႈးသည္ အပ်က္အစီးမ်ားၾကားမွ ဖခင္ျဖစ္သူ၏ “ငါ့ကို ဒီမွာ ထားမသြားပါနဲ႔” ဟူေသာ ေအာ္ဟစ္သံကို ၾကားလိုက္ရၿပီးေနာက္ “အေဖတို႔ကို မေခၚဘဲ ကြၽန္ေတာ္ ဘယ္မွမသြားဘူး” ဟု ကတိေပးကာ ကယ္ဆယ္ေရးကို စတင္ခဲ့သည္။ သို႔ေသာ္လည္း ေလးလံလွေသာ ကြန္ကရစ္ၾကမ္းျပင္လႊာမ်ားကို ျဖတ္သန္းရန္အတြက္ ကြန္ကရစ္တူးစက္ (Jackhammer) အကူအညီ လိုအပ္သျဖင့္ ေနာက္တစ္ေန႔နံနက္အထိ ေစာင့္ဆိုင္းခဲ့ရသည္။ ဇြန္လ ၂၅ ရက္ မြန္းလြဲ ၃ နာရီခြဲခန႔္တြင္ ရဲတပ္ဖြဲ႕အထူးအဖြဲ႕ႏွင့္ လာဂြိဳင္ရာၿမိဳ႕မွ မီးသတ္တပ္ဖြဲ႕ဝင္ေဟာင္းမ်ား၏ အင္ တိုက္အားတိုက္ ကူညီမႈေၾကာင့္ ငလ်င္လႈပ္ၿပီး ၂၀ နာရီေက်ာ္အၾကာတြင္ ဖခင္ျဖစ္သူ ဟိုေဆးႏွင့္ ညီငယ္ႏွစ္ဦးကို ဒဏ္ရာအနည္းငယ္ျဖင့္ အပ်က္အစီးမ်ားေအာက္မွ ေအာင္ျမင္စြာ ကယ္ထုတ္ႏိုင္ခဲ့သည္။ ယခုကဲ့သို႔ အံ့ဖြယ္အသက္ရွင္လြတ္ေျမာက္ခဲ့ေသာ္လည္း ဟိုေဆး၏ ဇနီးျဖစ္သူမွာမူ ၁၁ ရက္တိုင္တိုင္ အပ်က္အစီးမ်ားေအာက္တြင္ ပိတ္မိေနဆဲျဖစ္ၿပီး အသက္ရွင္လ်က္ ျပန္ေတြ႕ရန္ ေမွ်ာ္လင့္ခ်က္ မပ်က္ေသးေၾကာင္း ဟိုေဆးက ဆိုသည္။
အလားတူပင္ ကိုလံဘီယာတြင္ အလုပ္လုပ္ကိုင္ၿပီး သမီးႏွင့္ေျမးမ်ားကို ေထာက္ပံ့ေနသည့္ အန္ဒရီနာေရး ဆိုသူ အမ်ိဳးသမီးမွာလည္း ငလ်င္ေၾကာင့္ သမီးျဖစ္သူ၏ အသက္ ၂၀ ျပည့္ေမြး ေန႔တြင္ မိသားစုဝင္အားလုံး အပ်က္အစီးေအာက္ ပိတ္မိေပ်ာက္ ဆုံးသြားခဲ့ရသျဖင့္ ဘဝပ်က္လ်က္ရွိသည္။ ဗင္နီဇြဲလားအစိုးရ၏ ထုတ္ျပန္ခ်က္အရ အေဆာက္အအုံေပါင္း ၈၅၆ လုံး ပ်က္စီးၿပီး ၁၉၀ လုံး လုံးဝၿပိဳက်ခဲ့ေၾကာင္း သိရသည္။ ကြၽမ္းက်င္သူမ်ားက ယခုအက်ပ္ အတည္းသည္ ႏိုင္ငံအတြင္း တစ္ခါမွ်မႀကဳံဖူးေလာက္ေအာင္ ႀကီးမားေၾကာင္း သုံး သပ္ၾကသည္။
သို႔ေသာ္လည္း ေဘးအႏၲရာယ္အေပၚ အစိုးရ၏ တုံ႔ျပန္ေဆာင္႐ြက္မႈ အလြန္ေႏွးေကြးျခင္း၊ ေထာက္ပံ့ကူညီမႈမ်ားကို ပိတ္ဆို႔ေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ျပည္သူမ်ားအၾကား အစိုးရအေပၚ စိတ္ပ်က္ေဒါသထြက္မႈမ်ားႏွင့္ မေရရာမႈမ်ား အလြန္ျမင့္တက္လ်က္ရွိေၾကာင္း စိတ္က်န္းမာေရးပညာရွင္မ်ားက ေထာက္ျပထားၾကသည္။

ဗင်နီဇွဲလားငလျင်ကြောင့် လူ ၃,၃၀၀ ကျော် သေဆုံးပြီး ၅ သောင်းကျော် ပျောက်ဆုံးနေဆဲ၊ မီးသတ်သမားဟောင်း တစ်ဦးက အပျက်အစီးများကြားမှ ဖခင်နှင့် ညီငယ်နှစ်ဦးကို ၂၀ နာရီကျော်အကြာတွင် ပြန်လည်ကယ်တင်နိုင်ခဲ့
======================
ဇူလိုင် ၆
ဗင်နီဇွဲလားနိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်အတွင်း သေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ကမွှာငလျင်ကြီးများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၃,၃၄၂ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး၊ လူပေါင်း ၅၀,၀၀၀ ကျော် ပျောက် ဆုံးနေဆဲဖြစ်သည်။
ယခုကဲ့သို့ အဆောက်အအုံပေါင်း ရာနှင့်ချီ ပြိုကျပျက်စီးခဲ့သည့် ဘေးဒုက္ခဆိုးကြီးအတွင်း အပျက်အစီးများအောက်၌ ပိတ်မိနေသော ဖခင်နှင့် ညီငယ်နှစ်ဦးကို မီးသတ်သမားဟောင်းဖြစ်သူ သားကြီးဖြစ်သူက ၂၀ နာရီကျော်အကြာတွင် အံ့ဖွယ်ပြန် လည်ကယ်ထုတ်နိုင်ခဲ့သည့် ဝမ်းနည်းစရာနှင့် စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်တစ်ခု လူထုကြား ရေပန်းစားလျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် ညနေ ၆ နာရီကျော်အချိန်က လာဂွိုင်ရာ (La Guaira) မြို့၏ ကမ်းခြေဆင်ခြေဖုံးရပ် ကွက်ရှိ ၁၁ ထပ်မြင့် ကွန်ကရစ်အဆောက်အအုံကြီးဖြစ်သော ရီတာဆိုးလ် ပဲလေ့စ်(Ritasol Palace)၏ ဒုတိယထပ်တွင် မော်တော်ယာဉ်မက္ကင်းနစ်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဟိုဆေး ဂါစီယာ(Jose Garcia)သည် ဇနီး၊ အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် သားငယ်နှစ်ဦးတို့နှင့်အတူ ရှိနေစဉ် ပြင်းထန်သော ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်း အဆောက်အအုံကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရာ ဟိုဆေးနှင့် ၎င်း၏သားငယ်နှစ်ဦးသည် ဒုတိယထပ်မှနေ၍ အဆောက်အအုံ၏ မြေအောက်ထပ်အထိ ပြိုကျပိတ်မိကာ မြေမြုပ်ခြင်း ခံခဲ့ရသည်။
ဟိုဆေး၏ သားကြီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဟေရှုး ဂါစီယာ(Jesus Garcia)သည် ယခင်က မီးသတ်သမားတစ်ဦးဖြစ်ပြီး ငလျင်မလှုပ်မီကပင် အလုပ်မှ ထွက်ထားခဲ့သူဖြစ်သည်။ ၎င်းသည် အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာချိန်တွင် ၎င်း၏ မီးသတ်ရဲဘော်ဟောင်းတစ်ဦးက ဟေရှုး၏ မီးသတ်ဦးထုပ်နှင့် ဂျာကင်အင်္ကျီတို့ကို ယူဆောင်ပေးခဲ့ပြီး ဖခင်ဖြစ်သူ အသက်ရှင်လျက် အောက်တွင် ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။
ဟေရှုးသည် အပျက်အစီးများကြားမှ ဖခင်ဖြစ်သူ၏ “ငါ့ကို ဒီမှာ ထားမသွားပါနဲ့” ဟူသော အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် “အဖေတို့ကို မခေါ်ဘဲ ကျွန်တော် ဘယ်မှမသွားဘူး” ဟု ကတိပေးကာ ကယ်ဆယ်ရေးကို စတင်ခဲ့သည်။
သို့သော်လည်း လေးလံလှသော ကွန်ကရစ်ကြမ်းပြင်လွှာများကို ဖြတ်သန်းရန်အတွက် ကွန်ကရစ်တူးစက် (Jackhammer) အကူအညီ လိုအပ်သဖြင့် နောက်တစ်နေ့နံနက်အထိ စောင့်ဆိုင်းခဲ့ရသည်။ ဇွန်လ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့အထူးအဖွဲ့နှင့် လာဂွိုင်ရာမြို့မှ မီးသတ်တပ်ဖွဲ့ဝင်ဟောင်းများ၏ အင် တိုက်အားတိုက် ကူညီမှုကြောင့် ငလျင်လှုပ်ပြီး ၂၀ နာရီကျော်အကြာတွင် ဖခင်ဖြစ်သူ ဟိုဆေးနှင့် ညီငယ်နှစ်ဦးကို ဒဏ်ရာအနည်းငယ်ဖြင့် အပျက်အစီးများအောက်မှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
ယခုကဲ့သို့ အံ့ဖွယ်အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ဟိုဆေး၏ ဇနီးဖြစ်သူမှာမူ ၁၁ ရက်တိုင်တိုင် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ပြီး အသက်ရှင်လျက် ပြန်တွေ့ရန် မျှော်လင့်ချက် မပျက်သေးကြောင်း ဟိုဆေးက ဆိုသည်။
အလားတူပင် ကိုလံဘီယာတွင် အလုပ်လုပ်ကိုင်ပြီး သမီးနှင့်မြေးများကို ထောက်ပံ့နေသည့် အန်ဒရီနာရေး ဆိုသူ အမျိုးသမီးမှာလည်း ငလျင်ကြောင့် သမီးဖြစ်သူ၏ အသက် ၂၀ ပြည့်မွေး နေ့တွင် မိသားစုဝင်အားလုံး အပျက်အစီးအောက် ပိတ်မိပျောက် ဆုံးသွားခဲ့ရသဖြင့် ဘဝပျက်လျက်ရှိသည်။
ဗင်နီဇွဲလားအစိုးရ၏ ထုတ်ပြန်ချက်အရ အဆောက်အအုံပေါင်း ၈၅၆ လုံး ပျက်စီးပြီး ၁၉၀ လုံး လုံးဝပြိုကျခဲ့ကြောင်း သိရသည်။ ကျွမ်းကျင်သူများက ယခုအကျပ် အတည်းသည် နိုင်ငံအတွင်း တစ်ခါမျှမကြုံဖူးလောက်အောင် ကြီးမားကြောင်း သုံး သပ်ကြသည်။
သို့သော်လည်း ဘေးအန္တရာယ်အပေါ် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု အလွန်နှေးကွေးခြင်း၊ ထောက်ပံ့ကူညီမှုများကို ပိတ်ဆို့နှောင့်နှေးခြင်းတို့ကြောင့် ပြည်သူများအကြား အစိုးရအပေါ် စိတ်ပျက်ဒေါသထွက်မှုများနှင့် မရေရာမှုများ အလွန်မြင့်တက်လျက်ရှိကြောင်း စိတ်ကျန်းမာရေးပညာရှင်များက ထောက်ပြထားကြသည်။




