ရန္ကုန္–ေမာ္လၿမိဳင္–ရန္ကုန္ ခရီးစဥ္တြင္ ေခတ္မီ DEMU ရထားမ်ား စတင္ေျပးဆြဲမည္

ရန္ကုန္–ေမာ္လၿမိဳင္–ရန္ကုန္ ခရီးစဥ္တြင္ ေခတ္မီ DEMU ရထားမ်ား စတင္ေျပးဆြဲမည္
=====================
ရန္ကုန္–ေမာ္လၿမိဳင္ လမ္းပိုင္းတြင္ အမွတ္ (၈၃) အဆန္ ရန္ကုန္–ေမာ္လၿမိဳင္ ခရီးစဥ္ႏွင့္ အမွတ္ (၈၄) အစုန္ ေမာ္လၿမိဳင္–ရန္ကုန္ ခရီးစဥ္မ်ားကို ေလေအးေပးစက္ပါ ေခတ္မီ DEMU လူစီးအျမန္ရထားမ်ားျဖင့္ ၂၀၂၆ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွ စတင္၍ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္–ေမာ္လၿမိဳင္ အမွတ္ (၈၃) အဆန္ရထားသည္ ခရီးလမ္းတစ္ေလွ်ာက္တြင္ တံတားေဘာင္မ်ား ဘူတာ႐ုံအမိုးမ်ားႏွင့္လႊတ္ကင္းေစေရး ေလွကားခုံမ်ားခ်ိန္ညႇိျခင္းမ်ားကိုျပဳလုပ္ခဲ့ၿပီး ယေန႔မြန္းလြဲ ၁ နာရီခြဲတြင္ ေမာ္လၿမိဳင္ဘူတာသို႔ေရာက္ရွိၿပီျဖစ္ေၾကာင္းသိရသည္။

အဆိုပါ အမွတ္ (၈၃)/(၈၄) DEMU ရထားမ်ားသည္ နံနက္ ၅ နာရီတြင္ ရန္ကုန္ၿမိဳ႕မွ ထြက္ခြာၿပီး နံနက္ ၁၁ နာရီတြင္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ဆိုက္ေရာက္မည္ျဖစ္သည္။ ထို႔ေနာက္ မြန္းတည့္ ၁၂ နာရီတြင္ ေမာ္လၿမိဳင္ၿမိဳ႕မွ ျပန္လည္ထြက္ခြာကာ ညေန ၆ နာရီတြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ရထားတြဲဆိုင္းတစ္ဆိုင္းတြင္ အထက္တန္းတြဲ (၂) တြဲႏွင့္ ပထမတန္းတြဲ (၄) တြဲ ပါဝင္ၿပီး အထက္တန္းတြင္ ခရီးသည္ ၇၂ ဦးႏွင့္ ပထမတန္းတြင္ ၂၄၀ ဦး စုစုေပါင္း ၃၁၂ ဦး စီးနင္းႏိုင္မည္ျဖစ္သည္။

လက္မွတ္ခႏႈန္းထားအေနျဖင့္ အထက္တန္းခရီးစဥ္အတြက္ ေငြက်ပ္ ၂၂,၀၀၀ ႏွင့္ ပထမတန္းအတြက္ ေငြက်ပ္ ၁၆,၀၀၀ သတ္မွတ္ထားေၾကာင္း သိရသည္။

အဆိုပါရထားသည္ တိုးေၾကာင္ကေလး၊ ပဲခူး၊ သိမ္ဇရပ္၊ က်ိဳက္ထို၊ သထုံႏွင့္ ေပါင္ဘူတာမ်ားတြင္ ရပ္တန႔္မည္ျဖစ္ၿပီး ခရီးစဥ္တစ္ေလွ်ာက္ စုစုေပါင္း ခရီးသြားခ်ိန္ ၆ နာရီသာ ၾကာျမင့္မည္ျဖစ္သျဖင့္ ေန႔ခ်င္းျပန္ ခရီးသြားလာႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ လက္ရွိေျပးဆြဲေနသည့္ အမွတ္ (၈၁)/(၈၂) လူစီးအျမန္ရထားႏွင့္ ယခုအသစ္ေျပးဆြဲမည့္ DEMU ရထားမ်ားအတြက္ လက္မွတ္မ်ားကို Online Railways Ticketing and Payment System (ORTP) မွတစ္ဆင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး ခရီးစဥ္အစအဆုံးအတြက္ (၇) ရက္ႀကိဳတင္ႏွင့္ ၾကားဘူတာမ်ားအတြက္ (၅) ရက္ႀကိဳတင္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။


ရန်ကုန်–မော်လမြိုင်–ရန်ကုန် ခရီးစဉ်တွင် ခေတ်မီ DEMU ရထားများ စတင်ပြေးဆွဲမည်
=====================
ရန်ကုန်–မော်လမြိုင် လမ်းပိုင်းတွင် အမှတ် (၈၃) အဆန် ရန်ကုန်–မော်လမြိုင် ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်–ရန်ကုန် ခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်–မော်လမြိုင် အမှတ် (၈၃) အဆန်ရထားသည် ခရီးလမ်းတစ်လျှောက်တွင် တံတားဘောင်များ ဘူတာရုံအမိုးများနှင့်လွှတ်ကင်းစေရေး လှေကားခုံများချိန်ညှိခြင်းများကိုပြုလုပ်ခဲ့ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မော်လမြိုင်ဘူတာသို့ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ အမှတ် (၈၃)/(၈၄) DEMU ရထားများသည် နံနက် ၅ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် မော်လမြိုင်မြို့သို့ ဆိုက်ရောက်မည်ဖြစ်သည်။ ထို့နောက် မွန်းတည့် ၁၂ နာရီတွင် မော်လမြိုင်မြို့မှ ပြန်လည်ထွက်ခွာကာ ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းတွဲ (၂) တွဲနှင့် ပထမတန်းတွဲ (၄) တွဲ ပါဝင်ပြီး အထက်တန်းတွင် ခရီးသည် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ ဦး စုစုပေါင်း ၃၁၂ ဦး စီးနင်းနိုင်မည်ဖြစ်သည်။

လက်မှတ်ခနှုန်းထားအနေဖြင့် အထက်တန်းခရီးစဉ်အတွက် ငွေကျပ် ၂၂,၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၆,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါရထားသည် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနှင့် ပေါင်ဘူတာများတွင် ရပ်တန့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် စုစုပေါင်း ခရီးသွားချိန် ၆ နာရီသာ ကြာမြင့်မည်ဖြစ်သဖြင့် နေ့ချင်းပြန် ခရီးသွားလာနိုင်မည်ဖြစ်သည်။

ထို့အပြင် လက်ရှိပြေးဆွဲနေသည့် အမှတ် (၈၁)/(၈၂) လူစီးအမြန်ရထားနှင့် ယခုအသစ်ပြေးဆွဲမည့် DEMU ရထားများအတွက် လက်မှတ်များကို Online Railways Ticketing and Payment System (ORTP) မှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်ကြိုတင်နှင့် ကြားဘူတာများအတွက် (၅) ရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။