ဂ်ပန္ေျမာက္ပိုင္းတြင္ ပမာဏ ၆.၉ ရွိေသာ ျပင္းထန္ငလ်င္ လႈပ္ခတ္၍ လူေျခာက္ဦးထက္မနည္း ဒဏ္ရာရ၊ ရွားပါးလွသည့္ ဂ်ပန္စံႏႈန္း “အဆင့္ ၆ အထက္” အထိ ျပင္းထန္ခဲ့ၿပီး ရထားလိုင္းမ်ား ဆိုင္းငံ့ထားရဆဲ

ဂ်ပန္ေျမာက္ပိုင္းတြင္ ပမာဏ ၆.၉ ရွိေသာ ျပင္းထန္ငလ်င္ လႈပ္ခတ္၍ လူေျခာက္ဦးထက္မနည္း ဒဏ္ရာရ၊ ရွားပါးလွသည့္ ဂ်ပန္စံႏႈန္း “အဆင့္ ၆ အထက္” အထိ ျပင္းထန္ခဲ့ၿပီး ရထားလိုင္းမ်ား ဆိုင္းငံ့ထားရဆဲ
===================
ဇြန္ ၂၅

ဂ်ပန္ႏိုင္ငံေျမာက္ပိုင္း အအိုမိုရီ (Aomori) ႏွင့္ အီဝါေတး (Iwate) ျပည္နယ္တို႔တြင္ ၾကာသပေတးေန႔(ယေန႔) နံနက္ပိုင္းက ပမာဏ (Magnitude) ၆.၉ ရွိေသာ အားျပင္း ေျမငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ရာ အနည္းဆုံး ျပည္သူ ၆ ဦး ဒဏ္ရာရရွိခဲ့ၿပီး လမ္းပန္းဆက္သြယ္ေရးမ်ား ျပတ္ေတာက္လ်က္ရွိေၾကာင္း သိရသည္။

ဂ်ပန္မိုးေလဝသႏွင့္ ဇလေဗဒေအဂ်င္စီ (JMA)၏ ထုတ္ျပန္ခ်က္အရ ငလ်င္ဗဟိုခ်က္သည္ အီဝါေတးျပည္နယ္ကမ္းလြန္ ပင္လယ္ေရျပင္ေအာက္ အနက္ ၅၀ ကီလိုမီတာတြင္ ရွိၿပီး၊ ငလ်င္အရွိန္ေၾကာင့္ ၿမိဳ႕ေတာ္တိုက်ိဳအထိ လႈပ္ခတ္မႈတုန္ခါမႈကို ခံစားခဲ့ရသည္။

ယခုငလ်င္သည္ အအိုမိုရီျပည္နယ္ ဟာရွီကာမီ (Hashikami)ၿမိဳ႕တြင္ ဂ်ပန္ႏိုင္ငံ၏ ငလ်င္ျပင္းအားတိုင္း တာမႈစံႏႈန္း (အဆင့္ ၇ အထိရွိသည့္အနက္) အလြန္ရွားပါးၿပီး လူမ်ားလမ္းမေလွ်ာက္ႏိုင္ဘဲ ဝပ္တြားသြားရေလာက္သည့္ “အဆင့္ ၆ အထက္ (Upper 6)” အထိ မွတ္တမ္းတင္ခဲ့သည္။

ငလ်င္ေၾကာင့္ တိုဟိုကု ဆင္ကန္ဆန္း က်ည္ဆန္းရထားလိုင္း အပါအဝင္ ေဒသတြင္း ရထားလိုင္းအမ်ားအျပား ယာယီရပ္ ဆိုင္းခဲ့ရၿပီး က်ည္ဆန္းရထားမ်ား ေန႔လယ္ပိုင္းတြင္ ျပန္လည္ေျပးဆြဲႏိုင္ခဲ့ေသာ္လည္း ျပည္နယ္တြင္း ရထားလမ္းပိုင္းမ်ားမွာမူ ပိတ္ဆို႔ေနဆဲ ျဖစ္သည္။ အစိုးရဘက္က ဝန္ႀကီးခ်ဳပ္႐ုံးတြင္ အေရးေပၚလုပ္ငန္းအဖြဲ႕ (Task Force) ဖြဲ႕စည္းကာ လႈပ္ရွားေဆာင္႐ြက္ေနၿပီး၊ ကာကြယ္ ေရးဝန္ႀကီး ရွင္ဂ်ီ႐ို ကိုအီဇူမီက ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ (SDF)အား ေလေၾကာင္းမွတစ္ဆင့္ ကယ္ဆယ္ေရးႏွင့္ သတင္းအခ်က္အလက္ စုေဆာင္းရန္ ၫႊန္ၾကားထားသည္။

ေဒသတြင္း န်ဴကလီးယားစြမ္းအင္သုံး အေဆာက္အအုံမ်ား ပ်က္စီးမႈမရွိေၾကာင္း အစိုးရက အတည္ျပဳထားၿပီး ဝန္ႀကီးခ်ဳပ္ ဆာနာအဲ တာကာအီခ်ီ (Sanae Takaichi) က “ဆူနာမီေဘး အႏၲရာယ္ မရွိေသာ္လည္း ျပည္သူမ်ားအေနျဖင့္ အလားတူျပင္းအားရွိ ေနာက္ဆက္တြဲငလ်င္မ်ားအတြက္ ႏိုးႏိုးၾကားၾကားရွိရန္” ႏႈိးေဆာ္ထားသည္။

ေျမငလ်င္ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ JMA အရာရွိမ်ားက ယခုငလ်င္လႈပ္ခတ္ခဲ့သည့္ ဂ်ပန္ေျမႇာင္ေဒသ (Japan Trench) ႏွင့္ ကူရီးလ္ေျမႇာင္ေဒသ (Kuril Trench) အနီးတစ္ဝိုက္သည္ လြန္ခဲ့သည့္ ဧၿပီႏွင့္ ေမလမ်ားကတည္းက ပမာဏ ၇.၇ အပါ အဝင္ ငလ်င္မ်ား ဆက္တိုက္လႈပ္ခတ္ေနသည့္ ဗဟိုခ်က္ျဖစ္ ေၾကာင္း ေထာက္ျပထားသည္။

တိုဟိုကုတကၠသိုလ္မွ ေျမတိုင္းတာေရးပညာရွင္ ဖူမီအာကီ တိုမီတာက ဧၿပီလငလ်င္ႀကီးအၿပီး ေျမျပင္ေအာက္ေက်ာက္ဖ်ာခ်ပ္မ်ား အရွိန္ေလွ်ာ့ေ႐ြ႕လ်ားမႈ (Afterslip) ျဖစ္စဥ္ေၾကာင့္ ယခုငလ်င္ ျဖစ္ပြားရျခင္း ျဖစ္ႏိုင္ေၾကာင္းႏွင့္ ေနာင္တြင္ ျပင္းအားအဆင့္ ၈ ရွိသည့္ မဟာငလ်င္ႀကီး (Megathrust Quake) သို႔မဟုတ္ ၁၉၉၄ ခုႏွစ္ကကဲ့သို႔ အႀကီးစားငလ်င္မ်ိဳး ထပ္မံလႈပ္ခတ္လာႏိုင္ေျခ ရွိသျဖင့္ လာမည့္တစ္ပတ္အတြင္း (အထူးသျဖင့္ ၂ ရက္၊ ၃ ရက္အတြင္း) ေနာက္ထပ္ ျပင္းထန္ငလ်င္လႈပ္ခတ္ႏိုင္ေျခ ၁၀% မွ ၂၀% အထိ ရွိႏိုင္ေသာေၾကာင့္ ျပည္သူမ်ား အၿမဲအဆင္သင့္ ျပင္ဆင္ထားၾကရန္ သတိေပးထားသည္။


ဂျပန်မြောက်ပိုင်းတွင် ပမာဏ ၆.၉ ရှိသော ပြင်းထန်ငလျင် လှုပ်ခတ်၍ လူခြောက်ဦးထက်မနည်း ဒဏ်ရာရ၊ ရှားပါးလှသည့် ဂျပန်စံနှုန်း “အဆင့် ၆ အထက်” အထိ ပြင်းထန်ခဲ့ပြီး ရထားလိုင်းများ ဆိုင်းငံ့ထားရဆဲ
===================
ဇွန် ၂၅

ဂျပန်နိုင်ငံမြောက်ပိုင်း အအိုမိုရီ (Aomori) နှင့် အီဝါတေး (Iwate) ပြည်နယ်တို့တွင် ကြာသပတေးနေ့(ယနေ့) နံနက်ပိုင်းက ပမာဏ (Magnitude) ၆.၉ ရှိသော အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အနည်းဆုံး ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ဂျပန်မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီ (JMA)၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်သည် အီဝါတေးပြည်နယ်ကမ်းလွန် ပင်လယ်ရေပြင်အောက် အနက် ၅၀ ကီလိုမီတာတွင် ရှိပြီး၊ ငလျင်အရှိန်ကြောင့် မြို့တော်တိုကျိုအထိ လှုပ်ခတ်မှုတုန်ခါမှုကို ခံစားခဲ့ရသည်။

ယခုငလျင်သည် အအိုမိုရီပြည်နယ် ဟာရှီကာမီ (Hashikami)မြို့တွင် ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအားတိုင်း တာမှုစံနှုန်း (အဆင့် ၇ အထိရှိသည့်အနက်) အလွန်ရှားပါးပြီး လူများလမ်းမလျှောက်နိုင်ဘဲ ဝပ်တွားသွားရလောက်သည့် “အဆင့် ၆ အထက် (Upper 6)” အထိ မှတ်တမ်းတင်ခဲ့သည်။

ငလျင်ကြောင့် တိုဟိုကု ဆင်ကန်ဆန်း ကျည်ဆန်းရထားလိုင်း အပါအဝင် ဒေသတွင်း ရထားလိုင်းအများအပြား ယာယီရပ် ဆိုင်းခဲ့ရပြီး ကျည်ဆန်းရထားများ နေ့လယ်ပိုင်းတွင် ပြန်လည်ပြေးဆွဲနိုင်ခဲ့သော်လည်း ပြည်နယ်တွင်း ရထားလမ်းပိုင်းများမှာမူ ပိတ်ဆို့နေဆဲ ဖြစ်သည်။ အစိုးရဘက်က ဝန်ကြီးချုပ်ရုံးတွင် အရေးပေါ်လုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်းကာ လှုပ်ရှားဆောင်ရွက်နေပြီး၊ ကာကွယ် ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF)အား လေကြောင်းမှတစ်ဆင့် ကယ်ဆယ်ရေးနှင့် သတင်းအချက်အလက် စုဆောင်းရန် ညွှန်ကြားထားသည်။

ဒေသတွင်း နျူကလီးယားစွမ်းအင်သုံး အဆောက်အအုံများ ပျက်စီးမှုမရှိကြောင်း အစိုးရက အတည်ပြုထားပြီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က “ဆူနာမီဘေး အန္တရာယ် မရှိသော်လည်း ပြည်သူများအနေဖြင့် အလားတူပြင်းအားရှိ နောက်ဆက်တွဲငလျင်များအတွက် နိုးနိုးကြားကြားရှိရန်” နှိုးဆော်ထားသည်။

မြေငလျင်ကျွမ်းကျင်ပညာရှင်များနှင့် JMA အရာရှိများက ယခုငလျင်လှုပ်ခတ်ခဲ့သည့် ဂျပန်မြှောင်ဒေသ (Japan Trench) နှင့် ကူရီးလ်မြှောင်ဒေသ (Kuril Trench) အနီးတစ်ဝိုက်သည် လွန်ခဲ့သည့် ဧပြီနှင့် မေလများကတည်းက ပမာဏ ၇.၇ အပါ အဝင် ငလျင်များ ဆက်တိုက်လှုပ်ခတ်နေသည့် ဗဟိုချက်ဖြစ် ကြောင်း ထောက်ပြထားသည်။

တိုဟိုကုတက္ကသိုလ်မှ မြေတိုင်းတာရေးပညာရှင် ဖူမီအာကီ တိုမီတာက ဧပြီလငလျင်ကြီးအပြီး မြေပြင်အောက်ကျောက်ဖျာချပ်များ အရှိန်လျှော့ရွေ့လျားမှု (Afterslip) ဖြစ်စဉ်ကြောင့် ယခုငလျင် ဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်းနှင့် နောင်တွင် ပြင်းအားအဆင့် ၈ ရှိသည့် မဟာငလျင်ကြီး (Megathrust Quake) သို့မဟုတ် ၁၉၉၄ ခုနှစ်ကကဲ့သို့ အကြီးစားငလျင်မျိုး ထပ်မံလှုပ်ခတ်လာနိုင်ခြေ ရှိသဖြင့် လာမည့်တစ်ပတ်အတွင်း (အထူးသဖြင့် ၂ ရက်၊ ၃ ရက်အတွင်း) နောက်ထပ် ပြင်းထန်ငလျင်လှုပ်ခတ်နိုင်ခြေ ၁၀% မှ ၂၀% အထိ ရှိနိုင်သောကြောင့် ပြည်သူများ အမြဲအဆင်သင့် ပြင်ဆင်ထားကြရန် သတိပေးထားသည်။