စက္သုံးဆီမ်ားကို တရားမဝင္လႊဲေျပာင္းေရာင္းခ်ခဲ့သည့္ ဆီသယ္ယာဥ္(၂)စီးကို အေရးယူထား

စက္သုံးဆီမ်ားကို တရားမဝင္လႊဲေျပာင္းေရာင္းခ်ခဲ့သည့္ ဆီသယ္ယာဥ္(၂)စီးကို အေရးယူထား
======================
ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းမွ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔သို႔ စက္သုံးဆီတင္ေဆာင္ ထြက္ခြာခဲ့ေသာ္လည္း သတ္မွတ္လမ္းေၾကာင္းအတိုင္း သြားလာျခင္းမရွိသည့္ ဆီသယ္ယာဥ္(၂)စီးကို GPS စနစ္ျဖင့္ ေစာင့္ၾကည့္စစ္ေဆးရာမွ ဖမ္းဆီးရမိခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနထံမွ သိရသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနသည္ ဆီသယ္ယာဥ္မ်ားတြင္ GPS စနစ္တပ္ဆင္ကာ Online Monitoring Center မွတစ္ဆင့္ သတ္မွတ္လမ္းေၾကာင္းအတိုင္း သြားလာမႈ ရွိ၊ မရွိႏွင့္ စက္သုံးဆီမ်ားအား သက္ဆိုင္ရာေနရာမ်ားသို႔သာ ပို႔ေဆာင္ျခင္း ရွိ၊ မရွိကို တိုက္႐ိုက္ေစာင့္ၾကည့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ယာဥ္မ်ားအနက္ ဆီသယ္ယာဥ္အမွတ္ 5P/8614 ႏွင့္ ေနာက္တြဲယာဥ္အမွတ္ 1TLR-9177 သည္ သီလဝါမွ ကရင္ျပည္နယ္ ဘားအံၿမိဳ႕သို႔ စက္သုံးဆီပို႔ေဆာင္ရန္ ထြက္ခြာခဲ့ေသာ္လည္း က်ိဳက္ထိုၿမိဳ႕အနီးတြင္ ရပ္တန႔္ေနေၾကာင္း GPS မွတစ္ဆင့္ ေတြ႕ရွိရသျဖင့္ စုံစမ္းစစ္ေဆးခဲ့ရာ စက္သုံးဆီမ်ားကို သတ္မွတ္ထားသည့္ ေနရာသို႔ မပို႔ေဆာင္ဘဲ တရားမဝင္ လႊဲေျပာင္းေရာင္းခ်ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ိဳက္ထိုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇၃/၂၀၂၆ ျဖင့္ အေရးႀကီးကုန္စည္မ်ားဆိုင္ရာ ဥပေဒပုဒ္မ ၅ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ထို႔ျပင္ ဆီသယ္ယာဥ္အမွတ္ 9D-8840 ႏွင့္ ေနာက္တြဲယာဥ္အမွတ္ TLR-9550 သည္ သီလဝါမွ တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕သို႔ စက္သုံးဆီပို႔ေဆာင္ရန္ ထြက္ခြာခဲ့ေသာ္လည္း က်ိဳက္ထိုႏွင့္ ဘီးလင္းၿမိဳ႕ၾကား အလိုေတာ္ျပည့္ဘုရားအနီးတြင္ ရပ္တန႔္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ စုံစမ္းရွာေဖြခဲ့ရာ မုဒုံၿမိဳ႕နယ္ ဒိုးမားေက်း႐ြာအနီး ေမာ္လၿမိဳင္-သံျဖဴဇရပ္ ကားလမ္းေဘး၌ ယာဥ္ေမာင္းမရွိဘဲ ရပ္တန႔္ထားသည့္ ယာဥ္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါယာဥ္အား မုဒုံၿမိဳ႕မရဲစခန္း၌ ထိန္းသိမ္းထားၿပီး ဆက္လက္စစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ ေရနံႏွင့္ ေရနံထြက္ပစၥည္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ GPS စနစ္တပ္ဆင္ကာ ႀကီးၾကပ္စစ္ေဆးသည့္ စနစ္အတြင္း ဝင္ေရာက္ၿပီးမွသာ သယ္ယူပို႔ေဆာင္ခြင့္ လက္မွတ္မ်ား ထုတ္ေပးလ်က္ရွိၿပီး ယေန႔အထိ ဆီသယ္ယာဥ္ စုစုေပါင္း (၅,၁၀၆)စီးတြင္ GPS စနစ္မ်ား တပ္ဆင္ကာ ေစာင့္ၾကည့္စစ္ေဆးေရးစနစ္အတြင္း ဝင္ေရာက္ၿပီးျဖစ္ေၾကာင္း သိရသည္။


စက်သုံးဆီများကို တရားမဝင်လွှဲပြောင်းရောင်းချခဲ့သည့် ဆီသယ်ယာဉ်(၂)စီးကို အရေးယူထား
======================
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614 နှင့် နောက်တွဲယာဉ်အမှတ် 1TLR-9177 သည် သီလဝါမှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုမြို့အနီးတွင် ရပ်တန့်နေကြောင်း GPS မှတစ်ဆင့် တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ စက်သုံးဆီများကို သတ်မှတ်ထားသည့် နေရာသို့ မပို့ဆောင်ဘဲ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၂၆ ဖြင့် အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဆီသယ်ယာဉ်အမှတ် 9D-8840 နှင့် နောက်တွဲယာဉ်အမှတ် TLR-9550 သည် သီလဝါမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ကြား အလိုတော်ပြည့်ဘုရားအနီးတွင် ရပ်တန့်နေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေး၌ ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် ယာဉ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်အား မုဒုံမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် GPS စနစ်တပ်ဆင်ကာ ကြီးကြပ်စစ်ဆေးသည့် စနစ်အတွင်း ဝင်ရောက်ပြီးမှသာ သယ်ယူပို့ဆောင်ခွင့် လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ် စုစုပေါင်း (၅,၁၀၆)စီးတွင် GPS စနစ်များ တပ်ဆင်ကာ စောင့်ကြည့်စစ်ဆေးရေးစနစ်အတွင်း ဝင်ရောက်ပြီးဖြစ်ကြောင်း သိရသည်။