အသက္ ၁၆ ႏွစ္ေအာက္ ကေလးမ်ား လူမႈကြန္ရက္သုံးစြဲမႈ လုံးဝပိတ္ပင္ရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေၾကညာ

အသက္ ၁၆ ႏွစ္ေအာက္ ကေလးမ်ား လူမႈကြန္ရက္သုံးစြဲမႈ လုံးဝပိတ္ပင္ရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေၾကညာ
===============
ဇြန္ ၁၅

ၿဗိတိန္ႏိုင္ငံသည္ ကေလးသူငယ္မ်ား၏ အြန္လိုင္းလုံၿခဳံ ေရးကို ကာကြယ္ရန္ႏွင့္ နည္းပညာကုမၸဏီႀကီးမ်ား၏ လႊမ္း မိုးမႈကို တြန္းလွန္ရန္အတြက္ အသက္ ၁၆ ႏွစ္ေအာက္ ကေလးငယ္မ်ား လူမႈကြန္ရက္ဝဘ္ဆိုက္မ်ား အသုံးျပဳျခင္းကို လုံးဝပိတ္ပင္သြားမည္ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီယာ စတာမာ (Keir Starmer)က ယေန႔ တနလၤာေန႔ သတင္းစာရွင္းလင္းပြဲတြင္ တရားဝင္ေၾကညာလိုက္သည္။

ယခုဆုံးျဖတ္ခ်က္ေၾကာင့္ ၿဗိတိန္သည္ ကမာၻတစ္ဝန္း ကေလးသူငယ္မ်ားအေပၚ အြန္လိုင္းကန႔္သတ္ခ်က္မ်ား ျပင္း ျပင္းထန္ထန္ ခ်မွတ္လာသည့္ ႏိုင္ငံမ်ားစာရင္းတြင္ ပူးေပါင္းပါဝင္လာခဲ့ၿပီ ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ စတာမာက ကေလးသူငယ္မ်ားအား လုံးဝပိတ္ပင္လိုက္ျခင္းသည္ မွန္ကန္ေသာေ႐ြးခ်ယ္မႈ ျဖစ္ေၾကာင္း သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ၿပီး “ဒီဥပေဒဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် မိဘေတြၾကားထဲက ေျပာဆိုေဆြးေႏြးမႈေတြနဲ႔ ကေလးေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ေျပာင္းလဲပစ္မွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ကေလးေတြကို ပိုၿပီးေဘးကင္းေစမယ္၊ ပိုၿပီးေပ်ာ္႐ႊင္ေစမယ္။ သူတို႔ကို အခ်ိန္ပိုေပးႏိုင္မယ္၊ ပိုၿပီးလုံၿခဳံေစမယ္၊ လြတ္လပ္စြာ ႀကီးျပင္းလာဖို႔နဲ႔ အခြင့္အေရးေတြ ပိုမိုရရွိေစမွာ ျဖစ္ပါတယ္” ဟု အခိုင္ အမာဆိုသည္။

ယခုပိတ္ပင္မႈတြင္ ကမာၻေက်ာ္ လူမႈကြန္ရက္မ်ားျဖစ္ၾကသည့္ တစ္တုတ္ (TikTok)၊ စနက္ပ္ခ်က္ (Snapchat) ႏွင့္ အင္စတာဂရမ္(Instagram)တို႔ ပါဝင္႐ုံတင္မကဘဲ၊ ကေလးငယ္မ်ားအား လူစိမ္းမ်ားႏွင့္ စကားေျပာခြင့္ျပဳထားသည့္ ဂိမ္းကစားျခင္း ဝန္ ေဆာင္မႈမ်ားႏွင့္ တိုက္႐ိုက္ထုတ္လႊင့္ျခင္း (Livestreaming) ဝန္ေဆာင္မႈမ်ားကိုပါ ၿဗိတိန္အစိုးရက ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္။

လက္ရွိ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားသည္ ကေလးငယ္မ်ားအား အႏၲရာယ္ရွိေသာ အေၾကာင္းအရာမ်ားႏွင့္ ထိေတြ႕ေစေနၿပီး၊ ၎တို႔ကို စြဲလမ္းေစရန္အတြက္သာ ရည္ ႐ြယ္ခ်က္ရွိရွိ ဒီဇိုင္းထုတ္ထားျခင္းျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က သတိေပးထား သည္။ ၿဗိတိန္အစိုးရသည္ ယခုႏွစ္ ၂၀၂၆ ခုႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းတြင္ အဆိုပါ စည္းမ်ဥ္း ဥပေဒကို အၿပီးသတ္အတည္ျပဳရန္ ေမွ်ာ္လင့္ထားၿပီး၊ လာမည့္ ၂၀၂၇ ခုႏွစ္ ေႏြ ဦးရာသီတြင္ စတင္အာဏာတည္ စြမ္းေဆာင္သြားမည္ျဖစ္သည္။

ထို႔ျပင္ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္မ်ားအတြက္ ညဘက္အြန္လိုင္းအသုံးျပဳမႈ ကန႔္သတ္ခ်က္ (Overnight curfews) မ်ား ထားရွိရန္ႏွင့္ စြဲလမ္းေစေသာ အဆုံးမရွိေအာက္သို႔ ဆြဲေ႐ႊ႕ၾကည့္ရႈျခင္း (Infinite scrolling) ကို ရပ္တန႔္ေစမည့္ နည္းပညာဆိုင္ရာ အနားယူခ်ိန္မ်ား ထည့္ သြင္းရန္ပါ စဥ္းစားေနၿပီး အေသးစိတ္ကို လာမည့္ ဇူလိုင္လတြင္ ထုတ္ျပန္မည္ဟု ဆို သည္။

ၿဗိတိန္၏ ယခုဗ်ဴဟာသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလက အသက္ ၁၆ ႏွစ္ေအာက္ လူမႈကြန္ရက္အသုံးျပဳမႈကို ကမာၻ႔ပထမဆုံး ပိတ္ပင္ခဲ့သည့္ ဩစေၾတးလ်ႏိုင္ငံ၏ အေတြ႕ အႀကဳံကို အတုယူထားျခင္းျဖစ္ၿပီး၊ ကေနဒါႏိုင္ငံကလည္း အလားတူတားျမစ္ခ်က္ႏွင့္ AI ခ်က္ေဘာ့မ်ားကို ထိန္းခ်ဳပ္မည့္ ဥပေဒၾကမ္းတစ္ရပ္ တင္သြင္းထားသည္။

သို႔ေသာ္လည္း ယူက်ဳ (YouTube) ၏ ေျပာေရးဆိုခြင့္ရွိ သူကမူ ယခုကဲ့သို႔ စည္းလြတ္ဝါးလြတ္ လုံးဝပိတ္ပင္လိုက္ျခင္းမ်ိဳးသည္ ကေလးငယ္မ်ားအား ေဘးကင္းမႈနည္းပါးသည့္ တရားမဝင္ လွ်ိဳ႕ဝွက္ဝန္ေဆာင္မႈမ်ားဘက္သို႔ တြန္းပို႔ရာ ေရာက္လိမ့္မည္ဟု သတိေပးတုံ႔ျပန္ထားသည္။


အသက် ၁၆ နှစ်အောက် ကလေးများ လူမှုကွန်ရက်သုံးစွဲမှု လုံးဝပိတ်ပင်ရန် ဗြိတိန်ဝန်ကြီးချုပ် ကြေညာ
===============
ဇွန် ၁၅

ဗြိတိန်နိုင်ငံသည် ကလေးသူငယ်များ၏ အွန်လိုင်းလုံခြုံ ရေးကို ကာကွယ်ရန်နှင့် နည်းပညာကုမ္ပဏီကြီးများ၏ လွှမ်း မိုးမှုကို တွန်းလှန်ရန်အတွက် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်ဝဘ်ဆိုက်များ အသုံးပြုခြင်းကို လုံးဝပိတ်ပင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer)က ယနေ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ကြေညာလိုက်သည်။

ယခုဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သည် ကမ္ဘာတစ်ဝန်း ကလေးသူငယ်များအပေါ် အွန်လိုင်းကန့်သတ်ချက်များ ပြင်း ပြင်းထန်ထန် ချမှတ်လာသည့် နိုင်ငံများစာရင်းတွင် ပူးပေါင်းပါဝင်လာခဲ့ပြီ ဖြစ်သည်။

ဝန်ကြီးချုပ် စတာမာက ကလေးသူငယ်များအား လုံးဝပိတ်ပင်လိုက်ခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပြီး “ဒီဥပဒေဟာ အချိန်ကြာလာတာနဲ့အမျှ မိဘတွေကြားထဲက ပြောဆိုဆွေးနွေးမှုတွေနဲ့ ကလေးတွေရဲ့ မျှော်လင့်ချက်တွေကို ပြောင်းလဲပစ်မှာပါ။ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပိုပြီးဘေးကင်းစေမယ်၊ ပိုပြီးပျော်ရွှင်စေမယ်။ သူတို့ကို အချိန်ပိုပေးနိုင်မယ်၊ ပိုပြီးလုံခြုံစေမယ်၊ လွတ်လပ်စွာ ကြီးပြင်းလာဖို့နဲ့ အခွင့်အရေးတွေ ပိုမိုရရှိစေမှာ ဖြစ်ပါတယ်” ဟု အခိုင် အမာဆိုသည်။

ယခုပိတ်ပင်မှုတွင် ကမ္ဘာကျော် လူမှုကွန်ရက်များဖြစ်ကြသည့် တစ်တုတ် (TikTok)၊ စနက်ပ်ချက် (Snapchat) နှင့် အင်စတာဂရမ်(Instagram)တို့ ပါဝင်ရုံတင်မကဘဲ၊ ကလေးငယ်များအား လူစိမ်းများနှင့် စကားပြောခွင့်ပြုထားသည့် ဂိမ်းကစားခြင်း ဝန် ဆောင်မှုများနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (Livestreaming) ဝန်ဆောင်မှုများကိုပါ ဗြိတိန်အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိ လူမှုကွန်ရက်ပလက်ဖောင်းများသည် ကလေးငယ်များအား အန္တရာယ်ရှိသော အကြောင်းအရာများနှင့် ထိတွေ့စေနေပြီး၊ ၎င်းတို့ကို စွဲလမ်းစေရန်အတွက်သာ ရည် ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးထား သည်။ ဗြိတိန်အစိုးရသည် ယခုနှစ် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် အဆိုပါ စည်းမျဉ်း ဥပဒေကို အပြီးသတ်အတည်ပြုရန် မျှော်လင့်ထားပြီး၊ လာမည့် ၂၀၂၇ ခုနှစ် နွေ ဦးရာသီတွင် စတင်အာဏာတည် စွမ်းဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် အသက် ၁၈ နှစ်အောက် လူငယ်များအတွက် ညဘက်အွန်လိုင်းအသုံးပြုမှု ကန့်သတ်ချက် (Overnight curfews) များ ထားရှိရန်နှင့် စွဲလမ်းစေသော အဆုံးမရှိအောက်သို့ ဆွဲရွှေ့ကြည့်ရှုခြင်း (Infinite scrolling) ကို ရပ်တန့်စေမည့် နည်းပညာဆိုင်ရာ အနားယူချိန်များ ထည့် သွင်းရန်ပါ စဉ်းစားနေပြီး အသေးစိတ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ပြန်မည်ဟု ဆို သည်။

ဗြိတိန်၏ ယခုဗျူဟာသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက် လူမှုကွန်ရက်အသုံးပြုမှုကို ကမ္ဘာ့ပထမဆုံး ပိတ်ပင်ခဲ့သည့် ဩစတြေးလျနိုင်ငံ၏ အတွေ့ အကြုံကို အတုယူထားခြင်းဖြစ်ပြီး၊ ကနေဒါနိုင်ငံကလည်း အလားတူတားမြစ်ချက်နှင့် AI ချက်ဘော့များကို ထိန်းချုပ်မည့် ဥပဒေကြမ်းတစ်ရပ် တင်သွင်းထားသည်။

သို့သော်လည်း ယူကျု (YouTube) ၏ ပြောရေးဆိုခွင့်ရှိ သူကမူ ယခုကဲ့သို့ စည်းလွတ်ဝါးလွတ် လုံးဝပိတ်ပင်လိုက်ခြင်းမျိုးသည် ကလေးငယ်များအား ဘေးကင်းမှုနည်းပါးသည့် တရားမဝင် လျှို့ဝှက်ဝန်ဆောင်မှုများဘက်သို့ တွန်းပို့ရာ ရောက်လိမ့်မည်ဟု သတိပေးတုံ့ပြန်ထားသည်။