ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္ တ႐ုတ္ႏိုင္ငံသို႔ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရးခရီးစဥ္ စတင္ထြက္ခြာ

ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္ တ႐ုတ္ႏိုင္ငံသို႔ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရးခရီးစဥ္ စတင္ထြက္ခြာ
===================
ဇြန္ ၁၅

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ မစၥတာ ရွီက်င့္ဖ်င္၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရးခရီးစဥ္ (State Visit) အတြက္ ဇြန္ ၁၅ ရက္ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ အထူးေလယာဥ္ျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ထြက္ခြာသြားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္ႏွင့္ အဖြဲ႕အား ဒုတိယသမၼတ ဦးညိဳေစာ၊ ဒုတိယသမၼတ ေဒၚနန္းနီနီေအး၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးေအာင္လင္းေဒြး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးႏွင့္ စစ္သံ႐ုံးမွ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကသည္။

ခရီးစဥ္တြင္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္သည့္ ဦးခင္ေမာင္ရီ၊ ဦးတင္ေမာင္ေဆြ၊ ေဒါက္တာကံေဇာ္၊ ဦးကိုကိုလြင္၊ ေဒါက္တာခ်ာလီသန္း၊ ဦးထြန္းအုံ၊ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစိုင္းထိန္စိုးတို႔အပါအဝင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါသြားေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံသို႔ ေရာက္ရွိစဥ္အတြင္း ႏိုင္ငံေတာ္သမၼတသည္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံကာ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲမ်ား ျပဳလုပ္မည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ႏွင့္ တ႐ုတ္အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ အၿမဲတမ္းေကာ္မတီဥကၠ႒တို႔ႏွင့္လည္း သီးျခားေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္နယ္အႀကီးအကဲမ်ား၊ စီးပြားေရးအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံျခင္း၊ စီးပြားေရးဆိုင္ရာ ကြန္ဖရင့္မ်ားသို႔ တက္ေရာက္ျခင္းႏွင့္ အဆင့္ျမင့္နည္းပညာသုံး စက္မႈလုပ္ငန္းမ်ားအား သြားေရာက္ေလ့လာျခင္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ယင္းခရီးစဥ္မွတစ္ဆင့္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲေပါက္ေဖာ္ဆက္ဆံေရးကို ပိုမိုခိုင္မာေစေရးႏွင့္ စီးပြားေရး၊ လုံၿခဳံေရးအပါအဝင္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ႏိုင္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ႏွစ္ဖက္ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးဖလွယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ
===================
ဇွန် ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အတွက် ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်အကြီးအကဲများ၊ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း၊ စီးပွားရေးဆိုင်ရာ ကွန်ဖရင့်များသို့ တက်ရောက်ခြင်းနှင့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများအား သွားရောက်လေ့လာခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းခရီးစဉ်မှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။