ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးအား ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ဦးခင္ရီ လက္ခံေတြ႕ဆုံ



ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးအား ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ဦးခင္ရီ လက္ခံေတြ႕ဆုံ
============================
ေနျပည္ေတာ္ ေမ ၁၉
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး H.E. Ms. Ma Jia အား ယေန႔နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံ ျပည္သူ႔လႊတ္ေတာ္ေဆာင္ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။
ေတြ႕ဆုံစဥ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒က တ႐ုတ္ႏိုင္ငံအေနျဖင့္ ကမာၻ႔မ်က္ႏွာစာတြင္ ျမန္မာႏိုင္ငံအေပၚ အစဥ္အၿမဲအားေပးေထာက္ခံခဲ့ပါေၾကာင္း၊ မႏၲေလးငလ်င္ႀကီးျဖစ္ပြားခဲ့ၿပီးေနာက္ ပထမဆုံးလာေရာက္ကူညီေထာက္ပံ့ေပးခဲ့သည္မ်ားကိုလည္း ေက်းဇူးတင္အသိအမွတ္ျပဳလ်က္ရွိပါေၾကာင္း၊ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံသည္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရး ေအးအတူပူအမွ် အသိုက္အဝန္းတစ္ရပ္ တည္ေထာင္ေရးလုပ္ငန္းမ်ားကိုေထာက္ခံပါေၾကာင္း၊ တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံလႊတ္ေတာ္အခ်င္းခ်င္း ပိုမိုရင္းႏွီးနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း။
မိမိတို႔လႊတ္ေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္တြင္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲမွတစ္ဆင့္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးမ႑ိဳင္(၃)ရပ္ေပၚထြက္လာခဲ့ၿပီး မိမိအေနျဖင့္ ဥပေဒျပဳေရးမ႑ိဳင္ျဖစ္သည့္ လႊတ္ေတာ္တြင္ လႊတ္ေတာ္ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရပါေၾကာင္း၊ လႊတ္ေတာ္သည္ သက္ဆိုင္ရာမဲဆႏၵနယ္အသီးသီးမွ ျပည္သူတို႔၏ဆႏၵႏွင့္အညီ ေ႐ြးခ်ယ္တာဝန္ေပးအပ္ထားသည့္ ျပည္သူ႔ကိုယ္စားလွယ္မ်ားႏွင့္ ဖြဲ႕စည္းထားေသာေနရာတစ္ခုျဖစ္ပါေၾကာင္း၊ ျပည္သူ႔လႊတ္ေတာ္တြင္ အဓိကတာဝန္ႀကီး(၄)ရပ္ ရွိၿပီး လႊတ္ေတာ္ဥကၠ႒၊ ဒုတိယဥကၠ႒ႏွင့္ ဒုတိယသမၼတမ်ားကို ေ႐ြးခ်ယ္ေပးရျခင္း၊ ဥပေဒျပဳေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ရျခင္း၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပည္သူမ်ားေအးခ်မ္းလုံၿခဳံစြာေနထိုင္ႏိုင္ေရးတို႔အတြက္ မ႑ိဳင္ႀကီး (၃)ရပ္အၾကား အခ်င္းခ်င္းအျပန္အလွန္ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ျခင္း၊ ႏိုင္ငံေတာ္အစိုးရ၏မူဝါဒမ်ားကို ျပည္သူမ်ားနားလည္ပူးေပါင္း ေဆာင္႐ြက္ႏိုင္ေစရန္ ျပည္သူကိုကိုယ္စားျပဳ၍ ၾကားခံေဆာင္႐ြက္ေပးျခင္းတို႔ကို လုပ္ေဆာင္ရပါေၾကာင္း။
အဆိုပါလႊတ္ေတာ္ကို အားျဖည့္ေဆာင္႐ြက္ေပးသည့္ အၿမဲတမ္းေကာ္မတီ(၄)ရပ္ရွိပါေၾကာင္းႏွင့္ လာမည့္လႊတ္ေတာ္ကာလတြင္လည္း ယာယီေကာ္မတီမ်ားဖြဲ႕စည္း၍ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ လိုအပ္ပါကလည္း ေကာ္မရွင္ႏွင့္အဖြဲ႕မ်ားဖြဲ႕စည္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ယခုအခါ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္သူလူထုအတြက္ ရက္ ၁၀၀ စီမံကိန္းခ်မွတ္၍ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ မိမိတို႔လႊတ္ေတာ္အေနျဖင့္လည္း လိုအပ္သည့္ေနရာမွ ေပါင္းစပ္ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ား ႏွင့္ပတ္သက္၍ ေဖာ္ထုတ္ဖမ္းဆီးမႈမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိၿပီး အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ပတ္သက္၍ ထိထိေရာက္ေရာက္ တားဆီးႏွိမ္နင္းႏိုင္ေရး အတြက္ အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးဥပေဒမူၾကမ္းေရးဆြဲ၍ ေဆာင္႐ြက္ထားၿပီးျဖစ္သည့္အျပင္ လႊတ္ေတာ္အေနျဖင့္လည္း ယခုက်င္းပမည့္ ဒုတိယပုံမွန္အစည္းအေဝးတြင္ အဆိုပါအြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရး ဥပေဒမူၾကမ္းအား ဥပေဒအျဖစ္ျပ႒ာန္းႏိုင္ေရး ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ေဆြးေႏြးေျပာၾကားသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးက ယခုႏွစ္တြင္ စတင္မည့္ (၁၅)ႀကိမ္ေျမာက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ျခင္း ငါးႏွစ္စီမံကိန္း(၂၀၂၆-၂၀၃၀) ႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္မႈမ်ားတိုးျမႇင့္ၿပီး တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံအၾကား ေအးအတူပူအမွ် အသိုက္အဝန္း တစ္ရပ္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ အစဥ္အၿမဲအားေပးေထာက္ခံခဲ့ပါေၾကာင္း၊ ယခု ေ႐ြးေကာက္ပြဲမွတစ္ဆင့္ ေပၚေပါက္လာသည့္ လႊတ္ေတာ္မ်ားကို တ႐ုတ္ျပည္သူ႔ အမ်ိဳးသားကြန္ဂရက္မွ ဦးစြာဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔၍ ေထာက္ခံခဲ့ပါေၾကာင္း၊ ဆက္လက္ၿပီး ႏွစ္ႏိုင္ငံလႊတ္ေတာ္မ်ားအၾကား ဆက္ဆံေရးပိုမိုနက္ရႈိင္းစြာ တည္ေဆာက္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ေဆြးေႏြးေျပာၾကားသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္း၊ ျပည္သူ႔လႊတ္ေတာ္႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ တ႐ုတ္ႏိုင္ငံသံ႐ုံးမွတာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ လက်ခံတွေ့ဆုံ
============================
နေပြည်တော် မေ ၁၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးလာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုလျက်ရှိပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ထောင်ရေးလုပ်ငန်းများကိုထောက်ခံပါကြောင်း၊ တရုတ်- မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့လွှတ်တော်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်ပေါ်ထွက်လာခဲ့ပြီး မိမိအနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါကြောင်း၊ လွှတ်တော်သည် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသောနေရာတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် အဓိကတာဝန်ကြီး(၄)ရပ် ရှိပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယသမ္မတများကို ရွေးချယ်ပေးရခြင်း၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များဆောင်ရွက်ရခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေးတို့အတွက် မဏ္ဍိုင်ကြီး (၃)ရပ်အကြား အချင်းချင်းအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒများကို ပြည်သူများနားလည်ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ပြည်သူကိုကိုယ်စားပြု၍ ကြားခံဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ရပါကြောင်း။
အဆိုပါလွှတ်တော်ကို အားဖြည့်ဆောင်ရွက်ပေးသည့် အမြဲတမ်းကော်မတီ(၄)ရပ်ရှိပါကြောင်းနှင့် လာမည့်လွှတ်တော်ကာလတွင်လည်း ယာယီကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါကလည်း ကော်မရှင်နှင့်အဖွဲ့များဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက် ရက် ၁၀၀ စီမံကိန်းချမှတ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့လွှတ်တော်အနေဖြင့်လည်း လိုအပ်သည့်နေရာမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ နှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ရေး အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါအွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုနှစ်တွင် စတင်မည့် (၁၅)ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ငါးနှစ်စီမံကိန်း(၂၀၂၆-၂၀၃၀) နှင့်အညီ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း တစ်ရပ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ပါကြောင်း၊ ယခု ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်များကို တရုတ်ပြည်သူ့ အမျိုးသားကွန်ဂရက်မှ ဦးစွာဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့၍ ထောက်ခံခဲ့ပါကြောင်း၊ ဆက်လက်ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းစွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။




