ဆယ္စုႏွစ္ႏွစ္ခုအတြင္း ပထမဆုံးခရီးစဥ္ – ၿဗိတိန္ဘုရင္ ခ်ားလ္စ္ႏွင့္ မိဖုရား ကာမီလာတို႔ အေမရိကန္သို႔ ေရာက္ရွိ၊ သမၼတထရန႔္ႏွင့္ ေတြ႕ဆုံမည္

ဆယ္စုႏွစ္ႏွစ္ခုအတြင္း ပထမဆုံးခရီးစဥ္ – ၿဗိတိန္ဘုရင္ ခ်ားလ္စ္ႏွင့္ မိဖုရား ကာမီလာတို႔ အေမရိကန္သို႔ ေရာက္ရွိ၊ သမၼတထရန႔္ႏွင့္ ေတြ႕ဆုံမည္
==========================
ဧၿပီ ၂၈
ၿဗိတိန္ဘုရင္ ခ်ားလ္စ္ႏွင့္ မိဖုရား ကာမီလာတို႔သည္ ၄ ရက္ၾကာ ႏိုင္ငံေတာ္ခရီးစဥ္အျဖစ္ အေမရိကန္ျပည္ေထာင္စုသို႔ တနလၤာေန႔တြင္ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ ဤခရီးစဥ္သည္ အေမရိကန္ လြတ္လပ္ ေရးေၾကညာစာတမ္း အႏွစ္ ၂၅၀ ျပည့္ အထိမ္းအမွတ္အျဖစ္ လာေရာက္ျခင္းျဖစ္ၿပီး ဆယ္စုႏွစ္ႏွစ္ခုအတြင္း ၿဗိတိန္ဘုရင္တစ္ပါး၏ ပထမဆုံးေသာ အေမရိကန္ခရီးစဥ္လည္း ျဖစ္သည္။
ယခုခရီးစဥ္သည္ ကာလရွည္ၾကာ စီစဥ္ထားျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကား အီရန္စစ္ပြဲႏွင့္ ပတ္သက္၍ သေဘာ ထားကြဲလြဲမႈမ်ား ရွိေနခ်ိန္ႏွင့္ ဝါရွင္တန္ဒီစီရွိ အိမ္ျဖဴေတာ္ သတင္းေထာက္မ်ားအသင္း ညစာစားပြဲ၌ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ရက္ပိုင္းအတြင္းမွာပင္ ခရီးစဥ္ကို စတင္ခဲ့ျခင္း ျဖစ္သည္။
ယခုသီတင္းပတ္အတြင္း အစီအစဥ္မ်ားတြင္ အေမရိကန္ လႊတ္ေတာ္၌ မိန႔္ခြန္းေျပာၾကားျခင္း၊ အိမ္ျဖဴေတာ္ ၌ ခမ္းနားထည္ဝါေသာ ႏိုင္ငံေတာ္ညစာစားပြဲ တက္ ေရာက္ျခင္းႏွင့္ နယူးေယာက္ၿမိဳ႕သို႔ သြားေရာက္ျခင္းတို႔ ပါဝင္မည္ျဖစ္သည္။ ဝါရွင္တန္သို႔ ေရာက္ရွိခ်ိန္တြင္ ဘုရင္ႏွင့္ မိဖုရားတို႔သည္ သမၼတ၊ သမၼတကေတာ္ မီလန္နီယာထရန႔္တို႔ႏွင့္အတူ သီးသန႔္ လက္ ဖက္ရည္ဝိုင္းေဆြးေႏြးပြဲ ျပဳလုပ္ရန္ စီစဥ္ထားသည္။
၁၉၅၆ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံးအဆင့္သို႔ ေရာက္ရွိေနသည့္ ၿဗိတိန္-အေမရိကန္ “ထူးျခားေသာ ဆက္ဆံေရး” ကို ျပန္လည္ျမႇင့္တင္ရန္ ဤခရီးစဥ္က ရည္႐ြယ္ထားသည္။ ၿဗိတိန္ေတာ္ဝင္မိသားစုကို အလြန္ႏွစ္သက္သူျဖစ္သည့္ သမၼတထရန႔္သည္ ခ်ားလ္စ္ဘုရင္ကို “ႀကီးျမတ္သူတစ္ဦး” ဟု အၿမဲတေစ ရည္ၫႊန္းေလ့ရွိၿပီး အိမ္ျဖဴေတာ္၌ ခမ္းနားေသာ ႏိုင္ငံေတာ္ညစာစားပြဲျဖင့္ တည္ခင္းဧည့္ခံရန္ စီစဥ္ထားသည္။
ဘုရင္ႀကီးသည္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလကတည္းက စတင္ခဲ့ေသာ ကင္ဆာေရာဂါ ကုသမႈကို ခံယူေနရဆဲျဖစ္ၿပီး ယခုအခါ အသက္ ၇၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည္။ ဘုရင္ႀကီးသည္ အေမရိကန္လႊတ္ေတာ္၌ သမိုင္းဝင္မိန႔္ခြန္း ေျပာၾကားမည္ျဖစ္ၿပီး နယူးေယာက္ၿမိဳ႕ရွိ စက္တင္ဘာ ၁၁ အၾကမ္းဖက္တိုက္ခိုက္မႈ အထိမ္း အမွတ္ေနရာသို႔လည္း သြားေရာက္ ဂုဏ္ျပဳမည္ျဖစ္သည္။ ၎ေနာက္ ဗာဂ်ီးနီးယားျပည္နယ္တြင္ သဘာဝပတ္ဝန္း က်င္ ထိန္းသိမ္းေရးသမားမ်ားႏွင့္ ေတြ႕ဆုံကာ ခရီးစဥ္ကို အဆုံးသတ္မည္ျဖစ္သည္။
သံတမန္ေရးအရ ခ်စ္ၾကည္မႈမ်ားရွိေသာ္လည္း အေမရိကန္ကို ၿဗိတိန္က စစ္ေရးအရ အျပည့္အဝ မေထာက္ခံသည့္အတြက္ ေဖာ့ကလန္ကြၽန္းစု (Falkland Islands)အေရးတြင္ အေမရိကန္၏ ရပ္တည္ခ်က္ ေျပာင္းလဲႏိုင္ေၾကာင္း အရိပ္အေယာင္မ်ားေၾကာင့္ ဆက္ဆံေရး တင္းမာမႈအခ်ိဳ႕ ရွိေနဆဲျဖစ္သည္။ ထို႔ျပင္ ဂ်က္ဖရီ အက္ပ္စတိန္း အရႈပ္ေတာ္ပုံႏွင့္ ဆက္ႏႊယ္ေနသည့္ အင္ဒ႐ူးမင္းသား၏ ကိစၥရပ္မ်ားေၾကာင့္လည္း ယခုခရီးစဥ္အေပၚ ေဝဖန္မႈအခ်ိဳ႕ ထြက္ေပၚလ်က္ရွိသည္။
ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံးခရီးစဉ် – ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရား ကာမီလာတို့ အမေရိကန်သို့ ရောက်ရှိ၊ သမ္မတထရန့်နှင့် တွေ့ဆုံမည်
==========================
ဧပြီ ၂၈
ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရား ကာမီလာတို့သည် ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ တနင်္လာနေ့တွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤခရီးစဉ်သည် အမေရိကန် လွတ်လပ် ရေးကြေညာစာတမ်း အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုအတွင်း ဗြိတိန်ဘုရင်တစ်ပါး၏ ပထမဆုံးသော အမေရိကန်ခရီးစဉ်လည်း ဖြစ်သည်။
ယခုခရီးစဉ်သည် ကာလရှည်ကြာ စီစဉ်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား အီရန်စစ်ပွဲနှင့် ပတ်သက်၍ သဘော ထားကွဲလွဲမှုများ ရှိနေချိန်နှင့် ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ခရီးစဥ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း အစီအစဉ်များတွင် အမေရိကန် လွှတ်တော်၌ မိန့်ခွန်းပြောကြားခြင်း၊ အိမ်ဖြူတော် ၌ ခမ်းနားထည်ဝါသော နိုင်ငံတော်ညစာစားပွဲ တက် ရောက်ခြင်းနှင့် နယူးယောက်မြို့သို့ သွားရောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ဝါရှင်တန်သို့ ရောက်ရှိချိန်တွင် ဘုရင်နှင့် မိဖုရားတို့သည် သမ္မတ၊ သမ္မတကတော် မီလန်နီယာထရန့်တို့နှင့်အတူ သီးသန့် လက် ဖက်ရည်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
၁၉၅၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ဗြိတိန်-အမေရိကန် “ထူးခြားသော ဆက်ဆံရေး” ကို ပြန်လည်မြှင့်တင်ရန် ဤခရီးစဉ်က ရည်ရွယ်ထားသည်။ ဗြိတိန်တော်ဝင်မိသားစုကို အလွန်နှစ်သက်သူဖြစ်သည့် သမ္မတထရန့်သည် ချားလ်စ်ဘုရင်ကို “ကြီးမြတ်သူတစ်ဦး” ဟု အမြဲတစေ ရည်ညွှန်းလေ့ရှိပြီး အိမ်ဖြူတော်၌ ခမ်းနားသော နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် စီစဉ်ထားသည်။
ဘုရင်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့သော ကင်ဆာရောဂါ ကုသမှုကို ခံယူနေရဆဲဖြစ်ပြီး ယခုအခါ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ ဘုရင်ကြီးသည် အမေရိကန်လွှတ်တော်၌ သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး နယူးယောက်မြို့ရှိ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု အထိမ်း အမှတ်နေရာသို့လည်း သွားရောက် ဂုဏ်ပြုမည်ဖြစ်သည်။ ၎င်းနောက် ဗာဂျီးနီးယားပြည်နယ်တွင် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးသမားများနှင့် တွေ့ဆုံကာ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။
သံတမန်ရေးအရ ချစ်ကြည်မှုများရှိသော်လည်း အမေရိကန်ကို ဗြိတိန်က စစ်ရေးအရ အပြည့်အဝ မထောက်ခံသည့်အတွက် ဖော့ကလန်ကျွန်းစု (Falkland Islands)အရေးတွင် အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲနိုင်ကြောင်း အရိပ်အယောင်များကြောင့် ဆက်ဆံရေး တင်းမာမှုအချို့ ရှိနေဆဲဖြစ်သည်။ ထို့ပြင် ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်နွှယ်နေသည့် အင်ဒရူးမင်းသား၏ ကိစ္စရပ်များကြောင့်လည်း ယခုခရီးစဉ်အပေါ် ဝေဖန်မှုအချို့ ထွက်ပေါ်လျက်ရှိသည်။




