ထိုင်းဘုရင်က အာနူတင်ချန် ဝီရာကူ ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံအတည်ပြု ခန့်အပ်

ထိုင်းဘုရင်က အာနူတင်ချန် ဝီရာကူ ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံအတည်ပြု ခန့်အပ်

==========

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက အာနူတင် ချန်ဝီရာကူ ကို နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ထောက်ခံ အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ကြောင်းအောက်လွှတ်တော်အတွင်းရေးမှူးချုပ် အာပတ်ဆူခါ နွတ် က စက်တင်ဘာလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အာနူတင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်သည့် ထိုင်း ဘုရင်၏ အမိန့်စာ ကို ဘွမ်ဂျေထိုင်းပါတီရုံးချုပ်တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်။

အာနူတင် သည် စက်တင်ဘာလ ၅ ရက်တွင်ပြုလုပ် သော လွှတ်တော်အစည်းအဝေး၌ လွှတ်တော်အမတ် များ၏မဲခွဲ ဆုံးဖြတ်မှုဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရခြင်းဖြစ်သည်။

ထို့နောက် ဝန်ကြီးချုပ် အာနူတင် ချန်ဝီရာကူ က ၎င်း၏ ပထမဆုံး မိန့်ခွန်းကို ပြောကြားရာ အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သော အခက်အခဲများကို ကျော်လွှားသွားနိုင်ရေး အတွက်ကူညီပေးရန် တည်ကြည်ခိုင်မာစွာဆုံးဖြတ် ထားကြောင်း ထည့်သွင်းပြောထားသည်ကို တွေ့ရ သည်။

ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန်ရည်မှန်းထားကြောင်း၊ ပြဋ္ဌာန်းထား သော တရားရေးလုပ်ငန်းစဉ်များမှတစ်ဆင့် ပဋိညာဉ် အသစ်တစ်ခုကို ရေးဆွဲနိုင်စေရေးလမ်းကြောင်း ပေး နိုင်စေမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အဖြစ် တာဝန် ယူပြီးနောက် သတ်မှတ်ထားသည့် လေးလတာကာလ အတွင်း လွှတ်တော်ကို ဖျက်သိမ်းသွားရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာနူတင် က ဆက် ပြောသည်။

ဘွမ်ဂျေထိုင်းပါတီ ခေါင်းဆောင်ဖြစ်သည့် အသက် ၅၈ နှစ်ရှိ အာနူတင်ချန်ဝီရာကူ သည် အစိုးရအဖွဲ့ အဆက်ဆက်တွင် ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူဖြစ်ပြီး ပြည်ထဲရေးနှင့်ကျန်းမာရေး

ဝန်ကြီးအဖြစ်လည်း တာဝန်ယူဖူးသူ ဖြစ်ကြောင်းနှင့် ၎င်း၏အစိုးရအဖွဲ့ကို နိုင်ငံရေးဝါရင့်လူဟောင်း အများစုဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောထား သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။