မင်းသားကြီးအာနိုး ပါဝင်တဲ့ ဇာတ်လမ်းတွဲကို Netflix မှာပြသမယ်

ပရိသတ်အကြိုက်တွေ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး အာနိုးဆွာဇီနက်ဂါ က ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုမှာ ပထမဆုံးပါဝင်ထားပြီး သူပါဝင်တဲ့ Fubar ဇာတ်လမ်းတွဲကို မေ ၂၅ ရက်မှာ စတင်ပြသမယ်လို့ Netflix ကကြေညာခဲ့ပါတယ်။

အပိုင်း ရှစ်ပိုင်းပါ ဇာတ်လမ်းတွဲမှာ ပင်စင်ယူခါနီး ဖခင် နဲ့ သမီးဖြစ်သူတို့က နှစ်ဦးစလုံး စီအိုင်အေ အေးဂျင့်တွေ ဖြစ်နေတာကို သိရှိခဲ့ကြပြီးနောက် နှစ်ဦးသားပူးပေါင်း လှုပ်ရှားတာကို ရိုက်ကူးတင်ဆက်ထားပြီး Prison Break ဖန်တီးခဲ့သူ ဒါရိုက်တာ နစ်ဆန်တိုရာ က  ရိုက်ကူးထားပါတယ်။

“ကျွန်တော် သွားလေရာ နေရာတိုင်းမှာ True Lies လို ဇာတ်ကားမျိုးမရိုက်တော့ဘူးလားလို့ အမေးခံရပါတယ်။ အခုဒီဇာတ်လမ်းက အဲဒီလို အက်ရှင် နဲ့ ဟာသ ပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ။ ရုပ်ရှင်လို နှစ်နာရီတည်း ကြည့်ရူရမှာ မဟုတ်ဘဲ တစ်ရာသီစာ ကြည့်ရမှာ ဖြစ်တယ်”လို့ အာနိုးက ပြောပါတယ်။

-Ref: UPI