နေပြည်တော်ရေပန်းဥယျာဉ်ကို ကျပ်(၁၅)ဘီလီယံဖြင့် နှစ်ရှည်ငှားရမ်း

နေပြည်တော်က ရေပန်းဥယျာဉ်ကို အကြီးစားအဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို ကျပ် (၁၅) ဘီလီယံနဲ့ နှစ်ရှည်ငှားရမ်းလိုက်တာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့က သိရပါတယ်။

နေပြည်တော် ရေပန်းဥယျာဉ်ကို နှစ်ရှည်အဌားချဖို့အတွက် အဆိုပြုလွှာ ခေါ်ယူခဲ့ရာမှာ လျှောက်ထား တင်သွင်းလာတဲ့ ကုမ္ပဏီ (၈) ခုအနက်မှ တင်ဒါအောင်မြင်ခဲ့တဲ့ ဆန်းမြတ်ထွန်း ကုမ္ပဏီထံ နှစ်ရှည်အငှားချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေပန်းဥယျာဉ် နှစ်ရှည်ဌားရမ်းရေး စာချုပ်အရ ကနဦး ၁၀ နှစ် နဲ့ သက်တမ်းတိုး ၅ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၂၀ ငှားရမ်းခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆန်းမြတ်ထွန်း ကုမ္ပဏီအနေနဲ့ ရင်းနှီးမြှပ်နှံမှု ပမာဏ ငွေကျပ် (၁၅) ဘီလီယံနဲ့ ရေပန်းဥယျာဉ် အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငှားရမ်းလိုက်တဲ့ ကုမ္ပဏီအနေနဲ့ ရေပန်းဥယျာဉ်မှာ ရိုလာကိုစတာ၊ Zip Line၊ ရေလွှာလျှောစီး(အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Trainစတဲ့ ကစားနည်းပေါင်း (၄၈) မျိုးကို သုံးနှစ်စီမံကိန်းနဲ့ အကောင် အထည်ဖော်မှာဖြစ်ပြီး လက်ရှိ ရှိပြီးသား အပန်းဖြေနေရာတွေကိုလည်း အဆင့်မြှင့်တင်မှာဖြစ်တယ်လို့ သိရပါတယ်။