
ဒေသတွင်း နိုင်ငံများမှ ကလပ်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည့် ၂၀၁၆ တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲတွင် မြန်မာ လိဂ်ချန်ပီယံ ရတနာပုံအသင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ လဆန်းပိုင်းတွင် စတင်ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲကို အဆင့်သုံး ဆင့်ခွဲခြားထားကာ ရတနာပုံအသင်းက ပထမအဆင့်တွင် လာအို၊ ဗီယက်နမ်နိုင်ငံမှ ပြည်တွင်း လိဂ်ချန်ပီယံအသင်းများနှင့် ပတ်လည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် လာအိုနှင့် ဗီယက်နမ် ၂၀၁၆ ပြည်တွင်းလိဂ်ပြိုင်ပွဲများမှာ ပြီးဆုံးခြင်း မရှိသေးသောကြောင့် ချန်ပီယံအသင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။









