အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ ခိုးေမာင္းလာသည့္ ပစ္ကပ္ကား ေဒသစာရီႂကြသံဃာတန္းကို ဝင္တိုက္၊ ထိုင္းသံဃာေတာ္ ၈ ပါး ပ်ံလြန္ေတာ္မူၿပီး အမ်ားအျပား ဒဏ္ရာရ

အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ ခိုးေမာင္းလာသည့္ ပစ္ကပ္ကား ေဒသစာရီႂကြသံဃာတန္းကို ဝင္တိုက္၊ ထိုင္းသံဃာေတာ္ ၈ ပါး ပ်ံလြန္ေတာ္မူၿပီး အမ်ားအျပား ဒဏ္ရာရ
=================
ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မုကၠဒါဟန္ (Mukdahan) ခ႐ိုင္တြင္ အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ခိုးယူေမာင္းႏွင္လာသည့္ ပစ္ကပ္ထရပ္ကားတစ္စီးက လမ္းေဘး၌ ေျခက်င္စီတန္း၍ ေဒသစာရီႂကြခ်ီေနေသာ ဗုဒၶဘာသာသံဃာ ေတာ္မ်ားကို အရွိန္ျပင္းစြာ ဝင္တိုက္မိခဲ့သျဖင့္ သံဃာေတာ္ ရွစ္ပါး ပ်ံလြန္ေတာ္မူၿပီး အျခားလူအမ်ားအျပား ျပင္းထန္စြာ ဒဏ္ ရာရရွိခဲ့ေၾကာင္း ေဒသခံရဲတပ္ဖြဲ႕ႏွင့္ က်န္းမာေရးတာဝန္ရွိသူမ်ားက သတင္းထုတ္ျပန္သည္။
ပ်ံလြန္ေတာ္မူသြားသည့္ သံဃာေတာ္မ်ားႏွင့္ လူဝတ္ကပၸိယ ေနာက္လိုက္အဖြဲ႕(၃၀ခန႔္)သည္ ၿမိဳ႕ေတာ္ဘန္ ေကာက္၏ အေရွ႕ ေျမာက္ဘက္ ၆၀၀ ကီလိုမီတာခန႔္အကြာရွိ မုကၠဒါဟန္ခ႐ိုင္မွ ဥဘြန္ရတ္ခ်ာသာနီ (Ubon Ratchathani) ျပည္နယ္သို႔ သြားမည့္ ၂၆၀ ကီလိုမီတာ ရွည္လ်ားေသာ ေျခက်င္ေဒသစာရီခရီးစဥ္ကို စတင္ထြက္ခြာၿပီး မိနစ္ ၃၀ ခန႔္အၾကာ လမ္းေဘးတစ္ေလွ်ာက္ စီတန္းႂကြခ်ီေနစဥ္ ယခုကဲ့သို႔ ေမာ္ေတာ္ယာဥ္ တိုက္မိမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ေဒသခံ ကယ္ဆယ္ေရးအဖြဲ႕ (Ruam Jai Mukdahan Rescue Association) က ထုတ္ျပန္သည့္ CCTV လုံၿခဳံေရးကင္မရာ မွတ္တမ္းမ်ားအရ သံဃာေတာ္မ်ား လမ္းေဘးတြင္ တစ္ပါးခ်င္း စီတန္းႂကြခ်ီေနစဥ္ ပစ္ကပ္ကားတစ္စီးက အရွိန္မထိန္းႏိုင္ဘဲ ေနာက္ကြယ္မွ ဒုန္းစိုင္းဝင္တိုက္ခဲ့ျခင္း ျဖစ္သည္။ ယခုျဖစ္စဥ္ေၾကာင့္ သံဃာေတာ္ ငါးပါးမွာ အခင္းျဖစ္ပြားရာေနရာ၌ပင္ ပ်ံလြန္ေတာ္မူခဲ့ၿပီး အျခားသုံးပါးမွာ ေဆး႐ုံ၌ ကုသမႈခံယူရင္း ထပ္မံပ်ံလြန္ေတာ္မူသြားခဲ့ျခင္း ျဖစ္သည္။
ယာဥ္တိုက္မႈအတြင္းမွ ကံေကာင္းေထာက္မစြာ လြတ္ေျမာက္လာခဲ့သည့္ အရွင္ေသာမပုန္း (Phra Sompong) က “ကေလးတစ္ေယာက္ ပစ္ကပ္ကားေမာင္းၿပီး လာေနတာကို ျမင္လိုက္တယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ‘ဗုေဒၶါ၊ ဗုေဒၶါ’ ဆိုၿပီး စိတ္ထဲက ကမၼ႒ာန္းစီးျဖန္းေနတာ။ အဲဒီေနာက္ ခ်က္ခ်င္းပဲ ထရပ္ကားက အရွိန္အျပည့္နဲ႔ ကြၽန္ေတာ္တို႔ကို ဝင္တိုက္ေတာ့တာပဲ။ ကြၽန္ေတာ္နဲ႔ ေနာက္ထပ္ သံဃာတစ္ပါးကေတာ့ လမ္းေဘးကို အခ်ိန္မီ ခုန္ေရွာင္ႏိုင္ခဲ့တယ္။ ေရွ႕ဆုံးက ကိုးပါးကေတာ့ လြတ္သြားေပမဲ့ အတိုက္ခံရတဲ့ က်န္တဲ့သံဃာေတြကေတာ့ ေလထဲကို ေျမာက္တက္သြားၾကတယ္” ဟု ၎၏ မ်က္ျမင္ႀကဳံေတြ႕မႈကို ဝမ္းနည္းဖြယ္ မိန႔္ၾကားခဲ့သည္။
လက္ရွိတြင္ သံဃာေတာ္ ေလးပါးမွာ မုကၠဒါဟန္ေဆး႐ုံ၏ အေရးေပၚလူနာေဆာင္၌ စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနၿပီး၊ အျခား ၁၀ ပါးမွာ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ကာ က်န္ရွိသည့္ လူဝတ္ကပၸိယ ေနာက္လိုက္ ၁၀ ဦးမွ ၂၀ ဦးခန႔္ကိုလည္း ေဆး႐ုံတြင္ ကုသမႈေပးေနရသည္။
မုကၠဒါဟန္ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဗိုလ္ခ်ဳပ္ ပိုင္ေရာ့ ထိုင္ဖူဆာ (Major General Pairoj Thaiphutsa) က ကေလးငယ္သည္ မိဘမ်ားထံမွ ခြင့္ျပဳခ်က္မရွိဘဲ ကားကို ခိုးယူေမာင္းႏွင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း၊ အစိုး ရကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးအရာရွိမ်ားႏွင့္အတူ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ ကဲ့သို႔ေသာ ျဖစ္စဥ္မ်ိဳးအတြက္ ကေလးသူငယ္အေပၚ တာဝန္ယူရမည့္ မိဘမ်ားကိုလည္း ရဲစခန္းသို႔ ေခၚယူကာ ဥပေဒေၾကာင္းအရ ဆက္လက္အေရးယူ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အသက် ၁၁ နှစ်အရွယ် ကလေးငယ် ခိုးမောင်းလာသည့် ပစ်ကပ်ကား ဒေသစာရီကြွသံဃာတန်းကို ဝင်တိုက်၊ ထိုင်းသံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး အများအပြား ဒဏ်ရာရ
=================
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုက္ကဒါဟန် (Mukdahan) ခရိုင်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ခိုးယူမောင်းနှင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးက လမ်းဘေး၌ ခြေကျင်စီတန်း၍ ဒေသစာရီကြွချီနေသော ဗုဒ္ဓဘာသာသံဃာ တော်များကို အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့သဖြင့် သံဃာတော် ရှစ်ပါး ပျံလွန်တော်မူပြီး အခြားလူအများအပြား ပြင်းထန်စွာ ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် ကျန်းမာရေးတာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။
ပျံလွန်တော်မူသွားသည့် သံဃာတော်များနှင့် လူဝတ်ကပ္ပိယ နောက်လိုက်အဖွဲ့(၃၀ခန့်)သည် မြို့တော်ဘန် ကောက်၏ အရှေ့ မြောက်ဘက် ၆၀၀ ကီလိုမီတာခန့်အကွာရှိ မုက္ကဒါဟန်ခရိုင်မှ ဥဘွန်ရတ်ချာသာနီ (Ubon Ratchathani) ပြည်နယ်သို့ သွားမည့် ၂၆၀ ကီလိုမီတာ ရှည်လျားသော ခြေကျင်ဒေသစာရီခရီးစဉ်ကို စတင်ထွက်ခွာပြီး မိနစ် ၃၀ ခန့်အကြာ လမ်းဘေးတစ်လျှောက် စီတန်းကြွချီနေစဉ် ယခုကဲ့သို့ မော်တော်ယာဉ် တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ (Ruam Jai Mukdahan Rescue Association) က ထုတ်ပြန်သည့် CCTV လုံခြုံရေးကင်မရာ မှတ်တမ်းများအရ သံဃာတော်များ လမ်းဘေးတွင် တစ်ပါးချင်း စီတန်းကြွချီနေစဉ် ပစ်ကပ်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ နောက်ကွယ်မှ ဒုန်းစိုင်းဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် သံဃာတော် ငါးပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး အခြားသုံးပါးမှာ ဆေးရုံ၌ ကုသမှုခံယူရင်း ထပ်မံပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုအတွင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သည့် အရှင်သောမပုန်း (Phra Sompong) က “ကလေးတစ်ယောက် ပစ်ကပ်ကားမောင်းပြီး လာနေတာကို မြင်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ‘ဗုဒ္ဓေါ၊ ဗုဒ္ဓေါ’ ဆိုပြီး စိတ်ထဲက ကမ္မဋ္ဌာန်းစီးဖြန်းနေတာ။ အဲဒီနောက် ချက်ချင်းပဲ ထရပ်ကားက အရှိန်အပြည့်နဲ့ ကျွန်တော်တို့ကို ဝင်တိုက်တော့တာပဲ။ ကျွန်တော်နဲ့ နောက်ထပ် သံဃာတစ်ပါးကတော့ လမ်းဘေးကို အချိန်မီ ခုန်ရှောင်နိုင်ခဲ့တယ်။ ရှေ့ဆုံးက ကိုးပါးကတော့ လွတ်သွားပေမဲ့ အတိုက်ခံရတဲ့ ကျန်တဲ့သံဃာတွေကတော့ လေထဲကို မြောက်တက်သွားကြတယ်” ဟု ၎င်း၏ မျက်မြင်ကြုံတွေ့မှုကို ဝမ်းနည်းဖွယ် မိန့်ကြားခဲ့သည်။
လက်ရှိတွင် သံဃာတော် လေးပါးမှာ မုက္ကဒါဟန်ဆေးရုံ၏ အရေးပေါ်လူနာဆောင်၌ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး၊ အခြား ၁၀ ပါးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ကျန်ရှိသည့် လူဝတ်ကပ္ပိယ နောက်လိုက် ၁၀ ဦးမှ ၂၀ ဦးခန့်ကိုလည်း ဆေးရုံတွင် ကုသမှုပေးနေရသည်။
မုက္ကဒါဟန်ခရိုင် ရဲတပ်ဖွဲ့မှူး ဗိုလ်ချုပ် ပိုင်ရော့ ထိုင်ဖူဆာ (Major General Pairoj Thaiphutsa) က ကလေးငယ်သည် မိဘများထံမှ ခွင့်ပြုချက်မရှိဘဲ ကားကို ခိုးယူမောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အစိုး ရကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအရာရှိများနှင့်အတူ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကဲ့သို့သော ဖြစ်စဉ်မျိုးအတွက် ကလေးသူငယ်အပေါ် တာဝန်ယူရမည့် မိဘများကိုလည်း ရဲစခန်းသို့ ခေါ်ယူကာ ဥပဒေကြောင်းအရ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။




