ဧဝရတ္ေတာင္၌ ေပ်ာက္သြားသည့္ေတာင္တက္သမားကို ေျခာက္ရက္အၾကာတြင္ အသက္ရွင္လ်က္ျပန္ေတြ႕

ဧဝရတ္ေတာင္၌ ေပ်ာက္သြားသည့္ေတာင္တက္သမားကို ေျခာက္ရက္အၾကာတြင္ အသက္ရွင္လ်က္ျပန္ေတြ႕
==============================
ဧဝရတ္ေတာင္ေပၚ၌ ေပ်ာက္ဆုံးသြားၿပီး ေသဆုံးသြားၿပီဟု မွတ္ယူခံထားရသည့္ နီေပါေတာင္တက္လမ္းျပတစ္ဦးသည္ ေျခာက္ရက္အၾကာတြင္ ေတာင္ေျခစခန္းသို႔ တြားသြားကာ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ၎ကိုအသက္ရွင္လ်က္ေတြ႕ရွိေၾကာင္း တာဝန္ရွိသူမ်ားက ဇြန္လ ၄ ရက္တြင္ေျပာသည္။

အဆိုပါ ေတာင္တက္သမား၏ ဇနီးသည္ ခင္ပြန္းအတြက္ရည္စူး၍ နာေရးကိုပင္လုပ္ေနၿပီျဖစ္ေၾကာင္း၊ လက္ရွိတြင္ ေတာင္တက္သမားသည္ ခတၱမႏၵဴၿမိဳ႕ေတာ္ရွိ ေဆး႐ုံ၌ေဆးကုသမႈခံယူလ်က္ရွိရာ သတိျပန္ရေနၿပီျဖစ္ေၾကာင္းႏွင့္ ႏွင္းကိုက္နာ အနည္းငယ္သာ ခံစားေနရေၾကာင္းေျပာသည္။

အသက္ ၅၀ ေက်ာ္ၿပီျဖစ္သည့္ ေတာင္တက္သမား ဒါဝါရွာပါသည္ ၎၏ဝါရင့္အေတြ႕အႀကဳံေၾကာင့္ ေက်ာ္ၾကားေသာ ေတာင္တက္သမား အက္ဒမြန္ဟီလာရီကို အစြဲျပဳ၍ ဟီလာရီဟုလူသိမ်ားသူျဖစ္သည္။ ၎သည္ေမလ ၃၀ ရက္ အေစာပိုင္းက ရာသီဥတုဆိုး႐ြားျပင္းထန္ေနသည့္ ဧဝရတ္ေတာင္၏ အထက္ပိုင္းေဒသတြင္ ေပ်ာက္ဆုံးသြားျခင္းျဖစ္သည္။

ထို႔ေနာက္ အဆိုပါေတာင္တက္သမားသည္ ေျခာက္ရက္တိုင္တိုင္ အစားအစာႏွင့္ေရအျပင္ ေအာက္ဆီဂ်င္ေကာင္းစြာမရဘဲ အသက္ရွင္ရန္ ေမွ်ာ္လင့္ခ်က္တစ္ခုတည္းျဖင့္ ေတာင္ေျခစခန္းဆီသို႔တြားသြား၍ျပန္လာျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

Ref: BP


ဧဝရတ်တောင်၌ ပျောက်သွားသည့်တောင်တက်သမားကို ခြောက်ရက်အကြာတွင် အသက်ရှင်လျက်ပြန်တွေ့
==============================
ဧဝရတ်တောင်ပေါ်၌ ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီဟု မှတ်ယူခံထားရသည့် နီပေါတောင်တက်လမ်းပြတစ်ဦးသည် ခြောက်ရက်အကြာတွင် တောင်ခြေစခန်းသို့ တွားသွားကာ ပြန်လည်ရောက်ရှိလာပြီးနောက် ၎င်းကိုအသက်ရှင်လျက်တွေ့ရှိကြောင်း တာဝန်ရှိသူများက ဇွန်လ ၄ ရက်တွင်ပြောသည်။

အဆိုပါ တောင်တက်သမား၏ ဇနီးသည် ခင်ပွန်းအတွက်ရည်စူး၍ နာရေးကိုပင်လုပ်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် တောင်တက်သမားသည် ခတ္တမန္ဒူမြို့တော်ရှိ ဆေးရုံ၌ဆေးကုသမှုခံယူလျက်ရှိရာ သတိပြန်ရနေပြီဖြစ်ကြောင်းနှင့် နှင်းကိုက်နာ အနည်းငယ်သာ ခံစားနေရကြောင်းပြောသည်။

အသက် ၅၀ ကျော်ပြီဖြစ်သည့် တောင်တက်သမား ဒါဝါရှာပါသည် ၎င်း၏ဝါရင့်အတွေ့အကြုံကြောင့် ကျော်ကြားသော တောင်တက်သမား အက်ဒမွန်ဟီလာရီကို အစွဲပြု၍ ဟီလာရီဟုလူသိများသူဖြစ်သည်။ ၎င်းသည်မေလ ၃၀ ရက် အစောပိုင်းက ရာသီဥတုဆိုးရွားပြင်းထန်နေသည့် ဧဝရတ်တောင်၏ အထက်ပိုင်းဒေသတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထို့နောက် အဆိုပါတောင်တက်သမားသည် ခြောက်ရက်တိုင်တိုင် အစားအစာနှင့်ရေအပြင် အောက်ဆီဂျင်ကောင်းစွာမရဘဲ အသက်ရှင်ရန် မျှော်လင့်ချက်တစ်ခုတည်းဖြင့် တောင်ခြေစခန်းဆီသို့တွားသွား၍ပြန်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Ref: BP