ယာဥ္အို/ယာဥ္ေဟာင္းမ်ား ပယ္ဖ်က္၍ လွ်ပ္စစ္ယာဥ္မ်ား အစားထိုးတင္သြင္းခြင့္ျပဳမည္

ယာဥ္အို/ယာဥ္ေဟာင္းမ်ား ပယ္ဖ်က္၍ လွ်ပ္စစ္ယာဥ္မ်ား အစားထိုးတင္သြင္းခြင့္ျပဳမည္
=========================
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယာဥ္အို/ယာဥ္ေဟာင္းမ်ား ပယ္ဖ်က္ေရးႏွင့္ လွ်ပ္စစ္သုံးယာဥ္မ်ား အစားထိုးတင္သြင္းေရးဆိုင္ရာ အသိေပးေၾကညာခ်က္ကို ၂၀၂၆ ခုႏွစ္ ေမ ၂၈ ရက္တြင္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ထုတ္ျပန္ခ်က္အရ ထုတ္လုပ္သည့္ခုႏွစ္မွ သက္တမ္း ၂၀ ႏွစ္ေက်ာ္လြန္ၿပီး အိုမင္းေဟာင္းႏြမ္းေနေသာ ေမာ္ေတာ္ယာဥ္မ်ားသည္ စက္သုံးဆီ ပိုမိုသုံးစြဲရျခင္းေၾကာင့္ ျပည္သူ႔ဘ႑ာေငြမ်ား ေလလြင့္မႈျဖစ္ေစႏိုင္ျခင္း၊ ယာဥ္ႀကံ့ခိုင္မႈအားနည္းမႈေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ပြားႏိုင္ျခင္းႏွင့္ မီးခိုးေငြ႕ထြက္ရွိမႈမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေစျခင္းတို႔ေၾကာင့္ ယာဥ္အိုမ်ား ပယ္ဖ်က္ေရးကို ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ သက္တမ္း ၂၀ ႏွစ္ေက်ာ္ယာဥ္မ်ားအျပင္ ေမာင္းႏွင္ရန္ မလုံၿခဳံေတာ့သည့္ ယာဥ္မ်ားႏွင့္ သက္တမ္းမျပည့္ေသာ္လည္း မိမိဆႏၵအရ အပ္ႏွံလိုသည့္ ယာဥ္မ်ားကိုလည္း အပ္ႏွံႏိုင္ၿပီး ယာဥ္တန္ဖိုးႏွင့္အညီ လွ်ပ္စစ္သုံးယာဥ္ (EV) မ်ားျဖင့္ အစားထိုးလဲလွယ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယာဥ္အိုအပ္ႏွံရာတြင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ေပးသည့္ ဖ်က္သိမ္းယာဥ္ေထာက္ခံခ်က္ပုံစံ (ဃ) ကို တင္ျပရမည္ျဖစ္ၿပီး အပ္ႏွံသည့္ယာဥ္အမ်ိဳးအစားအလိုက္ သင့္ေလ်ာ္ေသာ လွ်ပ္စစ္သုံးယာဥ္တစ္စီးအား အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးေဆာင္ေကာ္မတီမွ စိစစ္၍ တင္သြင္းခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ လွ်ပ္စစ္ယာဥ္တင္သြင္းရာတြင္ လိုအပ္ေသာ ႏိုင္ငံျခားေငြမ်ားကိုလည္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ သင့္တင့္ေသာေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်၍ လျှပ်စစ်ယာဉ်များ အစားထိုးတင်သွင်းခွင့်ပြုမည်
=========================
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် လျှပ်စစ်သုံးယာဉ်များ အစားထိုးတင်သွင်းရေးဆိုင်ရာ အသိပေးကြေညာချက်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်ပြီး အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များသည် စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်စေနိုင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းမှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်ခြင်းနှင့် မီးခိုးငွေ့ထွက်ရှိမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေခြင်းတို့ကြောင့် ယာဉ်အိုများ ပယ်ဖျက်ရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သက်တမ်း ၂၀ နှစ်ကျော်ယာဉ်များအပြင် မောင်းနှင်ရန် မလုံခြုံတော့သည့် ယာဉ်များနှင့် သက်တမ်းမပြည့်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များကိုလည်း အပ်နှံနိုင်ပြီး ယာဉ်တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) များဖြင့် အစားထိုးလဲလှယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်အိုအပ်နှံရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက်ပုံစံ (ဃ) ကို တင်ပြရမည်ဖြစ်ပြီး အပ်နှံသည့်ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ်တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ စိစစ်၍ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လျှပ်စစ်ယာဉ်တင်သွင်းရာတွင် လိုအပ်သော နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



