အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်(၈၈၉၆၆)ဦး လာရောက်ကြည့်ရှုခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈)နှစ်အတွင်း ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်

စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အာဂျင်တီးနား ၂-၀ မက္ကဆီကိုပွဲတွင် Lusail Iconic Stadium ၌ ကွင်းအတွင်း လာရောက်ကြည့်ရှုသည့်ပရိသတ် (၈၈၉၆၆)ဦး ရှိခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈) နှစ်အတွင်း ပရိသတ် အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖီဖာက ကြေညာခဲ့သည်။ အဆိုပါကွင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် ကွင်း(၈)ကွင်းထဲ၌ အကြီးဆုံးဖြစ်ပြီး ပရိသတ်ဝင်ဆံ့မှုမှာလည်း (၈၈၉၆၆)ဦးပင်ဖြစ်၍ အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

Lusail Iconic Stadium ကွင်းတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် စုစုပေါင်း (၁၀)ပွဲ လက်ခံကျင်းပသွားမည်ဖြစ်ပြီး အုပ်စုအဆင့်၌ အာဂျင်တီးနားအသင်း၏ ပွဲစဉ်(၂)ပွဲကို လက်ခံကျင်း ပခဲ့သည်။ ပထမဆုံးပွဲဖြစ်သည့် အာဂျင်တီးနား ၁-၂ ဆော်ဒီအာရေဗျပွဲတွင်လည်း ပရိသတ်(၈၈၀၁၂)ဦး ကြည့်ရှုခဲ့သည်။ ယင်းကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အုပ်စုပွဲ(၆)ပွဲမှာ ပရိသတ်အင်အားများပြားသည့် အာဂျင်တီးနား၊ ဘရာဇီးလ်၊ မက္ကဆီကိုတို့၏ ပွဲများကို ဦးစားပေး ရွေးချယ်ထားခြင်းဖြစ်ပြီး ပေါ်တူဂီ-ဥရုဂွေးပွဲ လည်း ပါဝင်ခဲ့သည်။ ဘရာဇီးလ် – ဆားဘီးယားပွဲတွင်လည်း ပရိသတ် (၈၈၁၀၃)ဦး လာရောက်ကြည့်ရှုခဲ့ပြီး အာဂျင်တီးနားပွဲမတိုင်မီ ၂၀၂၂ ကမ္ဘာ့ဖလား၏ ပရိသတ်အများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း၌ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်ထားသည်မှာ ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၌ ဥရုဂွေးနှင့် ဘရာဇီးလ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ပရိသတ်(၁၇၃၈၅၀)ဦး လာရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ရှုံးထွက်အဆင့်မရှိဘဲ နောက်ဆုံးအဆင့်တွင် အုပ်စုပတ်လည် ပုံစံဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဥရုဂွေးနှင့် ဘရာဇီးလ်တို့ ချန်ပီယံဆုအတွက် အမှတ်လုရသည့် အဆုံးအဖြတ ်ပွဲဖြစ်သောကြောင့် စံချိန်တင်အရေအတွက်ဖြစ်သည်အထိ မာရာကာနာကွင်းအတွင်းသို့ ပရိသတ်များဝင်ရောက ်ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။ မှတ်တမ်းအချို့က ပရိသတ်(၂)သိန်းပြည့်လုနီးပါးအထိ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်းပင် ဖော်ပြခဲ့ကြသည်။

ပြိုင်ပွဲအလိုက် ပရိသတ်အရေအတွက်အများဆုံးနှင့် တစ်ပွဲချင်းအလိုက် ပျမ်းမျှပရိသတ်အရေအတွက် အများဆုံး အဖြစ် စံချိန်တင်ခဲ့သည်မှာ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး စုစုပေါင်းပရိသတ်(၃၅၉၇၀၄၂)ဦးနှင့် တစ်ပွဲပျမ်းမျှပရိသတ် (၆၉၁၇၄)ဦးရှိခဲ့သည်။ ထို့ပြင် ဘရာဇီးလ်နှင့် အီတလီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲ၌ ပရိသတ်(၉၄၁၉၄)ဦး လာရောက်ကြည့်ရှုခဲ့ပြီး ယခု (၂၈)နှစ်အကြာမှ အာဂျင်တီးနား -မက္ကဆီကိုပွဲက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပရိသတ်စံချိန်တင်ကြောင်း ဖီဖာ၏ ဖော်ပြမှုကို ပရိသတ်အချို့က လှောင်ပြောင် ခဲ့ကြပြီး ကွင်းအတွင်း၌ ထိုင်ခုံလွတ်များစွာ မြင်တွေ့ရကြောင်း တုံ့ပြန်ခဲ့ကြသည်။ ပရိသတ်အများစု ကမူ မက်ဆီကြောင့် စံချိန်တင်အရေအတွက်ဖြစ်သည်အထိ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခဲ့ကြခြင်းဖြစ်နိုင်ကြောင်း ဆိုခဲ့ကြသည်။ Lusail Iconic Stadium တွင် ဆီမီး၊ ကွာတားနှင့် ရှုံးထွက်(၁၆)သင်းအဆင့်တစ်ပွဲစီလည်း ကျင်းပမည်ဖြစ်သည်။