အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ေျခစစ္ ပြဲ တြင္ ဧရာဝတီအသင္းက ႏိုးလစ္မစ္အသင္းကို ဂိုးျပတ္ သြင္းအႏိုင္ယူ

အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ေျခစစ္ပြဲတြင္ ဧရာဝတီအသင္းက ႏိုးလစ္မစ္အသင္းကို ဂိုးျပတ္သြင္းအႏိုင္ယူ
===========================
၂၀၂၆-၂၀၂၇ ရာသီ အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ေျခစစ္ပြဲအုပ္စု(F)ရဲ႕ ဒုတိယေန႔ပြဲစဥ္တစ္ပြဲျဖစ္သည့္ ျမန္မာအမ်ိဳးသမီးကလပ္ ဧရာဝတီအသင္းႏွင့္လက္ဘႏြန္ကလပ္ႏိုးလစ္မစ္အသင္းတို႔ မေန႔က ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္း၌ယွဥ္ၿပိဳင္ကစားၾကရာ ဧရာဝတီအသင္းက ၈ ဂိုး၊ ဂိုး မရွိျဖင့္ ဂိုးျပတ္သြင္းကာ ႏိုးလစ္မစ္အသင္းကိုအႏိုင္ရရွိသြားသည္။
ဧရာဝတီအသင္းသည္ ပထမပိုင္း ပြဲကစားခ်ိန္ ၉ မိနစ္အေရာက္တြင္ ျဖဴျဖဴဝင္းေပးပို႔သည့္ေထာင့္ကန္ေဘာကေန ေမထက္လူက ေခါင္းတိုက္သြင္းၿပီး အဖြင့္ဂိုးရယူသြားသည္။
ပြဲကစားခ်ိန္ ၂၂ မိနစ္တြင္ မတ္ဆူ႐ိုက ဒုတိယဂိုး၊ ပြဲကစားခ်ိန္ ၂၄ မိနစ္တြင္ ဇင္မိုးျပည့္က တတိယဂိုးတို႔ကို ဆက္တိုက္သြင္းယူခဲ့ၾကၿပီး ပြဲကစားခ်ိန္ ၄၅+၁ မိနစ္တြင္ ျဖဴျဖဴဝင္းက စတုတၳဂိုးထပ္မံသြင္းယူႏိုင္ခဲ့၍ ပထမပိုင္းတြင္ ၄ ဂိုး ဂိုးမရွိျဖင့္ ဧရာဝတီအသင္းက ပြဲကို ဦးေဆာင္ထားသည္။
ဒုတိယပိုင္း ပြဲကစားခ်ိန္ ၄၈ မိနစ္တြင္ လူစားဝင္ကစားသမားလင္းျမင့္မိုရ္၏ပၪၥမေျမာက္သြင္းဂိုးကို ခြင့္ျပဳေပးလိုက္ရသည္။ ပြဲကစားခ်ိန္ ၅၅ မိနစ္တြင္ ဂိုးဧရိယာျပင္ပကရတဲ့ျပစ္ဒဏ္ေဘာကို မိုခ်ီဇူကီက တိုက္႐ိုက္ကန္သြင္းၿပီး ဆဌမဂိုးကိုရယူသြားသည္။ ပြဲကစားခ်ိန္ ၇၂ မိနစ္တြင္ ျဖဴျဖဴဝင္း၏ဖန္တီးေပးပို႔မႈကေန ေမထက္လူက သတၱမဂိုး၊ ပြဲကစားခ်ိန္ ၉၀+၃ မိနစ္တြင္ မိုခ်ီဇူကီရဲ႕ျဖတ္တင္ေဘာကို ဝင္းသိဂႌထြန္း က ေခါင္းတိုက္သြင္းကာ အ႒မဂိုးတို႔ကို အသီးသီးသြင္းယူခဲ့ၾက၍ ပြဲအၿပီးတြင္ ဧရာဝတီအသင္း ၈ ဂိုး ဂိုးမရွိျဖင့္ ႏိုးလစ္မစ္အသင္းကိုအႏိုင္ရရွိသြားသည္။
ယင္းၿပိဳင္ပြဲ၏ ေျခစစ္ပြဲက်င္းပသည့္ပုံစံအရ အုပ္စုတစ္ခုစီမွအမွတ္အမ်ားဆုံးရရွိသည့္ ထိပ္ဆုံးတစ္သင္းစီသာ ေျခစစ္ပြဲေအာင္ျမင္မည္ျဖစ္ရာ ဧရာဝတီအသင္းသည္ ႏွစ္ပြဲကစားႏွစ္ပြဲႏိုင္ရမွတ္(၆)မွတ္ရရွိထားၿပီး ဩဂုတ္လ ၂၃ ရက္တြင္ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ တ႐ုတ္တိုင္ေပကလပ္ New Taipei City Hang Yuan FC အသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းသိရသည္။
အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဧရာဝတီအသင်းက နိုးလစ်မစ်အသင်းကို ဂိုးပြတ်သွင်းအနိုင်ယူ
===========================
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု(F)ရဲ့ ဒုတိယနေ့ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းနှင့်လက်ဘနွန်ကလပ်နိုးလစ်မစ်အသင်းတို့ မနေ့က ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီအသင်းက ၈ ဂိုး၊ ဂိုး မရှိဖြင့် ဂိုးပြတ်သွင်းကာ နိုးလစ်မစ်အသင်းကိုအနိုင်ရရှိသွားသည်။
ဧရာဝတီအသင်းသည် ပထမပိုင်း ပွဲကစားချိန် ၉ မိနစ်အရောက်တွင် ဖြူဖြူဝင်းပေးပို့သည့်ထောင့်ကန်ဘောကနေ မေထက်လူက ခေါင်းတိုက်သွင်းပြီး အဖွင့်ဂိုးရယူသွားသည်။
ပွဲကစားချိန် ၂၂ မိနစ်တွင် မတ်ဆူရိုက ဒုတိယဂိုး၊ ပွဲကစားချိန် ၂၄ မိနစ်တွင် ဇင်မိုးပြည့်က တတိယဂိုးတို့ကို ဆက်တိုက်သွင်းယူခဲ့ကြပြီး ပွဲကစားချိန် ၄၅+၁ မိနစ်တွင် ဖြူဖြူဝင်းက စတုတ္ထဂိုးထပ်မံသွင်းယူနိုင်ခဲ့၍ ပထမပိုင်းတွင် ၄ ဂိုး ဂိုးမရှိဖြင့် ဧရာဝတီအသင်းက ပွဲကို ဦးဆောင်ထားသည်။
ဒုတိယပိုင်း ပွဲကစားချိန် ၄၈ မိနစ်တွင် လူစားဝင်ကစားသမားလင်းမြင့်မိုရ်၏ပဉ္စမမြောက်သွင်းဂိုးကို ခွင့်ပြုပေးလိုက်ရသည်။ ပွဲကစားချိန် ၅၅ မိနစ်တွင် ဂိုးဧရိယာပြင်ပကရတဲ့ပြစ်ဒဏ်ဘောကို မိုချီဇူကီက တိုက်ရိုက်ကန်သွင်းပြီး ဆဌမဂိုးကိုရယူသွားသည်။ ပွဲကစားချိန် ၇၂ မိနစ်တွင် ဖြူဖြူဝင်း၏ဖန်တီးပေးပို့မှုကနေ မေထက်လူက သတ္တမဂိုး၊ ပွဲကစားချိန် ၉၀+၃ မိနစ်တွင် မိုချီဇူကီရဲ့ဖြတ်တင်ဘောကို ဝင်းသိင်္ဂီထွန်း က ခေါင်းတိုက်သွင်းကာ အဋ္ဌမဂိုးတို့ကို အသီးသီးသွင်းယူခဲ့ကြ၍ ပွဲအပြီးတွင် ဧရာဝတီအသင်း ၈ ဂိုး ဂိုးမရှိဖြင့် နိုးလစ်မစ်အသင်းကိုအနိုင်ရရှိသွားသည်။
ယင်းပြိုင်ပွဲ၏ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှအမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ ဧရာဝတီအသင်းသည် နှစ်ပွဲကစားနှစ်ပွဲနိုင်ရမှတ်(၆)မှတ်ရရှိထားပြီး ဩဂုတ်လ ၂၃ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။




