အသင်းကထွက်ခွာလိုကြောင်း မက်ဆီ ပြောပြီ
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ နည်းပြသစ် ရော်နယ်ကိုးမန်းနှင့် တွေ့ဆုံဆွေးခဲ့ရာတွင် ကိုးမန်း၏ ပြောစကားများကြောင့် ပိုမိုစိတ်ပျက်သွားခဲ့ပြီး အသင်းမှထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိုးမန်းမှာ ဆက်တီယန်နေရာကို ဆက်ခံခဲ့ပြီးနောက် အသင်းနှင့်အလျှင်အမြန်ပူးပေါင်းခဲ့ပြီး မက်ဆီနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ မက်ဆီမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် ဘိုင်ယန်မြူးနစ်ကို 8-2 ဖြင့် အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီး ဖလားလက်မဲ့ရာသီကိုကြုံတွေ့ခဲ့ရခြင်းကြောင့် စိတ်ပျက်နေခဲ့သည်။ အသင်းမှာ ယိုင်နဲ့နေပြီး ဆုဖလားလက်မဲ့ရာသီကြောင့် စိတ်ပျက်နေချိန်တွင် ကိုးမန်း၏ ပြောစကားများက မက်ဆီကို ပိုမိုစိတ်ပျက်သွားစေခဲ့သည်။ မက်ဆီအနေဖြင့်လည်း ကိုးမန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု အာဂျင်တီးနားသတင်းစာ Diario Ole မှ ဖော်ပြသွားခဲ့သည်။ ဆွေးနွေးပွဲတွင် ကိုးမန်းက မင်းအခု အသင်းမှာ ရနေတဲ့ အထူးအခွင့်အရေးတွေ ပြီးဆုံးသွားပြီ။ အသင်းအတွက် မင်း ဘာမဆိုလုပ်ပေးရမယ်။ ငါကတော့ အသင်းနဲ့ လိုက်လျှောညီထွေမှုရှိအောင်လုပ်ရမယ်။ မင်းအနေနဲ့ အသင်းအတွက်ကိုပဲ ခေါင်းထဲထည့်ထားရမယ် ဟု ပြောကြားသွားခဲ့ကြောင်းသိရသည်။ မက်ဆီမှာ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာပေးရန် တောင်းဆိုလိုက်ပြီးနောက် နည်းပြဟောင်း ဂွာဒီယိုလာနှင့် မန်စီးတီးအသင်းတွင် ပြန်လည်လက်တွဲဖွယ်ရှိနေသည် ဆိုသော သတင်းများထွက်ပေါ်လာခဲ့သည်။ ထို့အပြင် မန်ယူ၊ ပီအက်စ်ဂျီ၊ အင်တာမီလန်နှင့် ဂျူဗင်တပ်အသင်းတို့ကလည်း မက်ဆီကို ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သိရသည်။ အဆိုပါသတင်းများကြောင့် ပရိသတ်များမှာ ဘာစီလိုနာရုံးချုပ်ရှေ့သို့ စုဝေးရောက်ရှိလာခဲ့ပြီး အသင်းဥက္ကဌဘာတိုမြူကို အသင်းမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ဘာတိုမြူက ဥက္ကဌရာထူးမှ နုတ်ထွက်မည် မဟုတ်ဟု ငြင်းဆန်သွားခဲ့သည်။