ဂွာဒီယိုလာကို အစဉ်အမြဲ တံခါးဖွင့်ထားဆဲဟု ဘာစီလိုနာဥက္ကဋ္ဌပြော

ဘာစီလိုနာ- လက်ရှိ မန်စီးတီး နည်းပြ ဂွာဒီယိုလာအတွက် အမြဲ တမ်းတံခါးဖွင့်ထားကြောင်း ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားပြီး ၎င်းအနေဖြင့် ဘာစီလိုနာသို့ ပြန်လာပါက ဖက်လဲတကင်းပွေ့ဖက်ကြိုဆိုခံရမည်ဟု ဆိုသည်။

ဂွာဒီယိုလာသည် ဘာကာ၌ (၁၁)နှစ်ကြာ ကစားသမားဘဝကျင်လည်ခဲ့ပြီး ၂၀၀၈ တွင် ဘာကာနည်းပြဖြစ်လာကာ လေးနှစ်အတွင်း ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလား ၁၄ လုံးရအောင် လမ်းညွှန်ကြီးကြပ်ခဲ့သည်။ ယင်းနောက် ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ်နည်းပြ၊ ၂၀၁၆ တွင် မန်စီးတီးနည်းပြဖြစ်လာသူ ဂွာဒီယိုလာက နည်းပြဘဝကို ဘာစီလိုနာ၏ ကျော်ကြားသော လူငယ်အကယ်ဒမီ လာမာစီယာ၌ အဆုံးသတ်လိုကြောင်း ပြီးခဲ့သည့်လက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။

‘‘ဒါက ကျွန်တော်တို့အတွက် သတင်းကောင်းပါ။ သူ့အတွက် ဘာစီလိုနာအနေနဲ့ အမြဲတမ်းတံခါးဖွင့်ထား တယ်ဆိုတာ သူသိပါတယ်။ ၂၀၁၂ က ဘာစီလိုနာကနေ ထွက်ချင်တယ်လို့ ပြောတဲ့အချိန်ကတောင်လာ မာစီယာကို ကိုင်တွယ်နိုင်တယ်လို့ ကျွန်တော်တို့က အကြံပြုခဲ့ပါတယ်’’ ဟု ဘာတိုမြူက ပြောသည်။

နည်းပြ ဗယ်လ်ဗာဒီ၏ ဘာစီလိုနာသည် ယနေ့ညတွင် နည်းပြ ပိုချက်တီနို၏ စပါးနှင့် ချန်ပီယံလိဂ်ပွဲ ကစားမည်ဖြစ်သည်။

ဗယ်လ်ဗာဒီက ယင်းပွဲအတွက် ကစားသမား ၂၀ ဦး စာရင်း ထုတ်ပြန်ရာ အဓိက ကစားသမား နှစ်ဦးဖြစ်သော ဗဟိုနောက်ခံလူ အမ်တီတီ (ပွဲပယ်) နှင့် ညာနောက်ခံလူ ရောဘတ်တို (ဒဏ်ရာရ)တို့ ကလွဲ၍ လူစုံပါဝင်ခဲ့သည်။

အိမ်ကွင်းတွင် ဘာစီလိုနာကို လက်ခံကစားမည့်ပွဲသည် အထူးပွဲဖြစ်ကြောင်း ပိုချက်တီနိုက ပြောကြားပြီး အကောင်းဆုံး ပြင်ဆင်ထားသည်ဟု ဆိုသည်။

—Ref: Reuters/sbnation