ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လူငယ်ညီလာခံ (၂ဝ၁၈) အတွေ့အကြုံရှင်း
ရမည်းသင်း၊ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲတွင် ဦးစွာနိုင်ငံတော်အလံအလေးပြု၊ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပါတီအတိုင်ပင်ခံ ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဝင်းတို့က ပြည်ခိုင်ဖြိုးပါတီ၏ ဦးတည်ချက်နှင့်လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
လူငယ်ညီလာခံ တက်ရောက်ခဲ့သော ရမည်းသင်းမြို့နယ် သမွေးအုပ်စု သမွေးရွာမှ လူငယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ရမည်းသင်းမြို့နယ် ဆည်ကြီးအုပ်စု ညောင်အိုင်ကျေးရွာမှ လူငယ်ခေါင်းဆောင် မမြရည်သန္တာ ထက် တို့က” လူငယ်များသည် အနာဂတ်ကို ပိုင်စိုးသူများဖြစ်ကြောင်း၊ အနာဂတ်ပိုင်စိုးသော လူငယ်များသည် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အတွေးအခေါ် အယူအဆ အသိအမြင်များ မြင့်မားလျက် ထူးချွန်ထက်မြက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင် လုပ်အားရှင်များ ဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိပါတီ မိမိနိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်ထု၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်ကြမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ယနေ့ကျင်းပသော လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ပါတီအတိုင်ပင်ခံ၊ တိုင်းပါတီကော်မတီဝင် ရမည်းသင်းခရိုင် နယ်မြေတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်၊ မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ ရပ်/ကျေးအုပ်စုပါတီကော်မတီဝင်၊ ပါတီဝင်များ၊ အုပ်စု ၃၈ အုပ်စု ကျေးရွာများမှ ပါတီဝင်လူငယ်မောင်မယ်များ တက်ရောက်ကြကြောင်း သိရသည်။
လှိုင်သန်းတင့် (ရမည်းသင်း)