အကူအညီတောင်းခံစာများ လက်ခံရရှိသော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှသာ စတင်အကူအညီပေးနိုင်မည်ဟု ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင်ပြော

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် အကူအညီတောင်းခံ စာများ လက်ခံရရှိ သော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှ စတင်အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးအ ချို့ဖွဲ့စည်းရန် လိုအပ်နေပြီး မြို့နယ်အဆင့်ရုံးများ ဖွင့်လှစ်ပြီးမှသာ စတင်လည်ပတ်နိုင်မည်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ ‘‘ကျွန်တော်တို့က ပြည်ထောင်စုအဆင့်က ရုံးခန်းဖွင့်ပေးပေမယ့် တိုင်းနဲ့ပြည်နယ်ရုံးခန်းဖွင့်တာအကုန် မပြီးသေး ဘူး။ ခရိုင်နဲ့ မြို့နယ်ရုံးတွေ ဆက်ဖွင့်ရမယ်။ အဓိကမြို့နယ်ရုံးတွေက အလုပ်လုပ်ရမယ်။ ခုနကလာတဲ့ စာတွေ စိစစ်မယ်။ စိစစ်ပြီး ဆက်လက် လုပ်ဆောင်ဖို့ စီစဉ်ရမယ်’’ ဟု ဦးကျော်ဟိုးက ပြောသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သည် ဆင်းရဲနွမ်းပါး၍ ဥပဒေအ ခွင့်အရေး ဆုံးရှုံးနေ သူများကို ကူညီမည်ဖြစ်ပြီး ပြည်သူများအ ကြောင်းအမျိုးမျိုးကြောင့် ဥပဒေ ဆိုင်ရာ အခွင့်အရေးထိခိုက်မှုမရှိစေရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါအဖွဲ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဥက္ကဋ္ဌ တာဝန်ယူထားပြီး ဌာနဆိုင်ရာ အရာရှိခြောက်ဦး၊ တရားလွှတ်တော် ရှေ့နေ ဥပဒေကျွမ်းကျင် ပညာရှင်ခြောက်ဦး စုစုပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည်။

အထက်ပါအဖွဲ့ဝင် ၁၃ ဦး သည် မေလ ၁၈ ရက်တွင် နေပြည်တော်ရှိရုံးချုပ်၌ ပထမအကြိမ် အစည်းအဝေး ပြုလုပ်၍ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း ဦးကျော်ဟိုးက ပြောသည်။ ပြည်သူများကို ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရန် မြို့နယ်ရုံးများဖွင့်လှစ်ရေး အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၏ ပံ့ပိုးမှုလွန်စွာ အရေးကြီးကြောင်း ၎င်းကဆက် လက်ပြောသည်။

သမ္မတဦးဝင်းမြင့်သည် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို မေလ ၄ ရက်တွင် လက်ခံ တွေ့ဆုံပြီး ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သည့်ဖမ်းဆီး ချုပ်နှောင် မှုများ လျော့နည်းစေရန်၊ ဥပဒေနှင့်မညီသည့် ဖမ်းဆီးချုပ်နှောင်မှုများပပျောက်အောင် ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။