ဒူးအရွတ် ဒဏ်ရာကြောင့် WLC-3 ပွဲစဉ်တွင် ထွန်းထွန်းမင်း ယှဉ်ပြိုင်နိုင်မည် မဟုတ်
ရန်ကုန်မြို့၌ နိုဝင်ဘာ ၄ ရက်တွင် ကျင်းပမည့် WLC-3 ပွဲစဉ်တွင် ဒဏ်ရာကြောင့် အနား ယူနေရသော ထွန်းထွန်းမင်း ပါဝင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ထွန်းထွန်းမင်း ပါဝင်သော တွဲဆိုင်းကို မူလက WLC-3 တွင် ထည့်သွင်းရန် ရှိသော်လည်း ၎င်း၏ ဒူးအရွတ်ဒဏ်ရာနှင့် ပတ်သက်၍ ဆရာဝန်၏ အတည်ပြုချက် မရခဲ့သောကြောင့် မပါဝင်နိုင်ခြင်း ဖြစ်သည်။ ထွန်းထွန်းမင်းသည် အဆိုပါ ဒူးအရွတ် ဒဏ်ရာကို ဒေ့ဗ်နှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် WLC-1 ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ပွဲရရှိခဲ့သည်။ ကြားကာလတွင် ၎င်း၏ဒဏ်ရာ အခြေအနေမှာ ပြန်လည် ထိခိုက်မိသည့် အနေအထားတွင် ရှိခဲ့သောကြောင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး လက်ရှိ အခြေအနေတွင် ဆရာဝန်၏ အတည်ပြုချက် ရယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထွန်းထွန်းမင်းသည် လက်ရှိမြန်မာပြည် ချန်ပီယံဖြစ်ပြီး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားသော လက်ဝှေ့သမား တစ်ဦးလည်းဖြစ်သည်။ ယင်းဒဏ်ရာကြောင့် WLC-2 တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ပရိသတ် တောင်းဆိုမှုကို ခံထားရသူဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအရ ထပ်မံ အနားယူရဦးမည် ဖြစ်ကြောင်း သိရသည်။
(မြ၀တီ)