ဒုက္ခသည် အချိုးကျလက်ခံရေးနှင့် ပတ်သက်၍ ကန့်ကွက်မှုကို အီးယူတရားရုံး ပယ်ချ

၂၀၁၅ က ဒုက္ခသည်ပြဿနာ အထွတ်အထိပ် ရောက်ချိန်က ရယူခဲ့သော ရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်နေရာချထားရေး သဘောတူညီမှု ဥရောပအရှေ့ပိုင်းနိုင်ငံများ၏ စိန်ခေါ်မှုကို အီးယူထိပ်တန်းတရားရုံးက ပယ်ချခဲ့သည်။

စပိန်နိုင်ငံတောင်ပိုင်း မာလာဂါမြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများ (Jon Nazca/reuters)

မဖြစ်မနေ အရေအတွက် အတိအကျခွဲဝေလက်ခံရေး အစီအစဉ်ကို ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတို့က ကန့်ကွက်မှုကို ဥရောပတရားရုံးက ပယ်ချသည်။ ယင်းအစီအစဉ်ကို ပြီးခဲ့ သည့် ၂ နှစ်က မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း ဟန်ဂေရီက ဒုက္ခသည် တစ်ဦးမျှ လက်ခံခြင်း မရှိသေးပေ။

ယင်းအစီအစဉ်သည် ဂရိနှင့် အီတလီကဲ့သို့ ရှေ့တန်းမျက်နှာစာနိုင်ငံများ ရင်ဆိုင်နေရသည့် ဖိအားများကို ပြေလျော့စေရန် ကြိုးပမ်းမှုဖြစ်သည်။ ၂၀၁၅ စက်တင်ဘာက သဘောတူခဲ့ချိန် တွင် ဒုက္ခသည် ၁၆၀,၀၀၀ အထိ ပြန်လည်နေရာ ချထားရန် မျှော်လင့်ထားသော် လည်း လူပေါင်း ၂၈,၀၀၀ ကိုသာ ယင်းအစီအစဉ်အရ ပြန်လည်နေ ရာချထားနိုင်ခဲ့သည်။

ယင်းအစီအစဉ်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာလုပ်ဆောင်ရမည့် အစီအစဉ်ဖြစ်သည်ဟု အီးယူအရာရှိများက အစပိုင်းတွင် အခိုင်အမာ ပြောကြားသည်။ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ချက်နှင့် ရိုမေးနီးယားတို့က ယင်းအချိုးကျလက်ခံရေး အစီအစဉ်ကို ကန့်ကွက် ခဲ့သည်။

ယင်းကိစ္စကို တရားရုံးသို့ တင်ပြခဲ့ပြီး ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတို့က လုပ်ထုံးလုပ်နည်းဆိုင်ရာ မှားယွင်းမှုများရှိသည်ဟု စောဒကတက်ခဲ့ပြီး အချိုးကျခွဲဝေလက်ခံရေး အစီအစဉ် သည် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာအတွက် သင့်တော်သော တုံ့ပြန်မှုမဟုတ်ဟု ပြော ကြားသည်။

သို့သော် ဥရောပတရားရုံးက ပယ်ချပြီး ယင်းအစီအစဉ်သည် အီတလီနှင့် ဂရိတို့ ရင်ဆိုင်နေရသည့် ဖိအားများ ပြေလျော့စေရန်ဖြစ်ပြီး သင့်တော်မှုရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

—Ref: BBC