စကော့တလန် ခွဲထွက်ရေး နောက်ထပ် ဆန္ဒခံယူဖို့ တရားဝင် တောင်းပြီ

ဗြိတိန်နိုင်ငံစုကနေ ခွဲထွက်ပြီး စကော့တလန် လွတ်လပ်ရေး ရယူဖို့အတွက် ဒုတိယအကြိမ်မြောက် ပြည်သူ့ ဆန္ဒခံယူနိုင်ခွင့် အာဏာတရားဝင် တောင်းဆိုတဲ့စာကို စကော့တလန်ဆိုင်ရာ ပထမဝန်ကြီးချုပ်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက စကော့တလန် လွှတ်တော်မှာ နောက်ထပ် တကြိမ် ဆန္ဒခံယူပွဲ ကျင်းပဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမ ၆၉ မဲ၊ ကန့်ကွက်မဲ ၅၉ မဲ ရရှိခဲ့ပြီး ဒုတိယအကြိမ် ဆန္ဒခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗြိတိန်ဟာ ဥရောပသမဂ္ဂ (အီးယူ) ကနေ ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ စကော့တလန် အနေနဲ့ မိမိကြမ္မာ မိမိဖန်တီးနိုင်ဖို့ရာ ရွေးချယ်ခွင့် ရှိသင့်တယ်လို့ စကော့တလန် ပထမ ဝန်ကြီးချုပ် နီကိုလာစတာဂျင် က ပြောပါတယ်။

ဗြိတိန် ဥရောပသမဂ္ဂက နှုတ်ထွက်တဲ့ လုပ်ငန်းအဆင့်ဆင့် အားလုံး ပြီးဆုံးချိန်မှသာ ဘယ်လို ပြည်သူ့ ဆန္ဒခံယူပွဲ ကို မဆို ကျင်းပဖို့ ခွင့်ပြုနိုင်မယ်လို့ ယူကေ အစိုးရဘက်ကတော့ ကြေညာထားပြီး ဖြစ်ပါတယ်။

နီကိုလာစတာဂျင်နဲ့ တနင်္လာနေ့တုန်းက ဂလက်စကိုမြို့တော်မှာ စကားပြောဆို ဆွေးနွေးခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေကလည်း ဒီအချိန်ဟာ ဆန္ဒခံယူပွဲ ကျင်းပဖို့ အချိန်ကောင်းမဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောထားပါတယ်။

အခုလောလောဆယ်မှာ ဥရောပသမဂ္ဂကနေ ခွဲထွက်ရာမှာ အကောင်းဆုံး ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ အတွက်ပဲ အာရုံစိုက်သင့်ပြီး စကော့တလန် မဲဆန္ဒာရှင်တွေအနေနဲ့ အီးယူကနေ ဗြိတိန်ခွဲထွက်မှု ပြီးဆုံးမှသာ စကော့တလန် မဲဆန္ဒရှင်တွေအနေနဲ့ နောက်တကြိမ် ရွေးချယ်ခွင့် ရနိုင်မယ်လို့ ဝန်ကြီးချုပ် မေ က ပြောပါတယ်။

(ဘီဘီစီ)