ကုလအတွင်းရေးမှူးးချုပ်သစ် Guterres ကျမ်းသစ္စာကျိန်ဆို
ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်ထော်ညူ ဂူထာရက်ရှ် ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ဖြစ်လာဖို့ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ပြီဖြစ်ပါတယ်။
မစ္စတာ ဂူထာရက်ရှ်ဟာ လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာကို လာမယ့်နှစ်ဆန်း ဇန်နဝါရီ တစ်ရက်နေ့ ကစလို့ လွှဲပြောင်းရယူပြီး ၅ နှစ်သက်တမ်း ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မစ္စတာဂူထာရက်ရှ် မိန့်ခွန်းပြောကြားခဲ့တာမှတော့ ကုလသမဂ္ဂက ဆောင်ရွက် နေတာတွေ ပိုပြီးထိရောက် အောင်မြင်မှုရှိအောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မှဖြစ်မယ်ဆိုပြီး ထည့်သွင်း ပြောခဲ့ပါတယ်။
ပေါ်တူဂီ ဆိုရှယ်လစ်ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်သလို ဆိုရှယ်လစ်အင်တာနေရှယ်နယ်လို့ခေါ်တဲ့ နိုင်ငံ တကာ ဆိုရှယ်လစ်လှုပ်ရှားမှုရဲ့ ဦးစီးဦးဆောင် တစ်ယောက်အဖြစ်လည်း တာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ဂူထာရက်ရှ် ဟာ ကုလသမဂ္ဂရဲ့ ထိပ်တန်းရာထူးတာဝန်ဖြစ်တဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။