အိုင်အက်စ်ကို လိုလားထောက်ခံသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး

ဇာတိနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ရန် စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)ကို လိုလားသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် အိုင်အက်စ် တပ်ဖွဲ့ခွဲ တည်ထောင်ရန် ကြိုးစားနေကြကြောင်း စင်ကာပူက ကြေညာခဲ့သည်။ ယခုကိစ္စသည် ၆ လအတွင်း ဒုတိယအကြိမ် အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အကြမ်းဖက်မှု သံသယ တရားခံများကို ဖမ်းဆီးခြင်းလည်း ဖြစ်လာသည်။
စင်ကာပူက အသက် ၂၆ နှစ်နှင့် ၃၄ နှစ် အရွယ်ကြား အမျိုးသား ၈ ဦးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စင်ကာပူရှိ ဆောက်လုပ်ရေးနှင့် ရေလုပ်ငန်းများတွင် အလုပ်လုပ်နေကြသူများ ဖြစ်သည်။ အဆိုပါ အသိုက်အဝန်းနှင့် ဆက်စပ်သူ အနည်းဆုံး နောက်ထပ် ၂ ဦးမျှ ဘင်္ဂလားဒေ့ရှ်တွင် ရှိနေလိမ့်မည်ဟုလည်း စင်ကာပူ အစိုးရက သတိပေးခဲ့သည်။
“အိုင်အက်စ်ဘီ (အိုင်အက်စ် ဘင်္ဂလားဒေ့ရှ်)ဟာ စင်ကာပူရဲ့ လုံခြုံရေးကိုလည်း ထိပါးလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က အိုင်အက်စ်ကို ထောက်ခံသူတွေ ဖြစ်တာကြောင့်ပါ။ နိုင်ငံရပ်ခြားမှာလည်း အချိန်မရွေး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်”ဟု စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
စင်ကာပူ ရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေး အက်ဥပဒေအတိုင်း ထိုသူများကို ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဧပြီလအတွင်း အဆိုပါ ဖမ်းဆီးမှုများကို ဆက်တိုက် လျှို့ဝှက်စွာ အကောင်အထည် ဖော်ခဲ့ကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ်တွင် အိုင်အက်စ် လိုလားသည့် အစုအဖွဲ့တစ်ခု ရှိနေပြီး အဆိုပါ စစ်သွေးကြွ ထောက်ခံသူများသည် ဘာသာမဲ့များ၊ အစ္စလာမ် ဘာသာရေးကို ဝေဖန်ရှုတ်ချသူများ၊ ပညာတတ်များ၊ အခြားဘာသာဝင် လူနည်းစုများကို အဓိက ပစ်မှတ်ထားကာ ဥပဒေမဲ့ တိုက်ခိုက်မှုများ ကျူးလွန်နေသည်။ ၎င်းတို့ လက်ချက်ကြောင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် လူပေါင်း ၂၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သလို ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း အိုင်အက်စ်ဘီ အင်အားစုများက ဟိန္ဒူဘာသာဝင် အပ်ချုပ်သမား တစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
-Ref: Reuters



