ကမာၻ႔စားပြဲတင္တင္းနစ္ အသင္းလိုက္ၿပိဳင္ပြဲ (အမ်ိဳးသား) တြင္ တ႐ုတ္အသင္းက ဂ်ပန္အသင္းကို အႏိုင္ယူကာ ၁၂ ႀကိမ္ဆက္တိုက္ ခ်န္ပီယံဆုရရွိ

ကမာၻ႔စားပြဲတင္တင္းနစ္ အသင္းလိုက္ၿပိဳင္ပြဲ (အမ်ိဳးသား) တြင္ တ႐ုတ္အသင္းက ဂ်ပန္အသင္းကို အႏိုင္ယူကာ ၁၂ ႀကိမ္ဆက္တိုက္ ခ်န္ပီယံဆုရရွိ
=======================================
ေမ ၁၀ ရက္က ယွဥ္ၿပိဳင္ခဲ့သည့္ ကမာၻ႔စားပြဲတင္တင္းနစ္ ခ်န္ပီယံရွစ္ အသင္းလိုက္ၿပိဳင္ပြဲ (အမ်ိဳးသား) ဗိုလ္လုပြဲတြင္ တ႐ုတ္အသင္းက လ်န္က်င့္ခြန္း၏ ေနာက္ထပ္ အံ့အားသင့္ဖြယ္ comeback ႏိုင္ပြဲႏွင့္အတူ ဂ်ပန္အသင္းကို ၃ ပြဲျပတ္ အႏိုင္ရရွိကာ ခ်န္ပီယံဆုကို ၁၂ ႀကိမ္ဆက္တိုက္ စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့သည္။
လ်န္မွာ ဆီမီးဖိုင္နယ္ပြဲစဥ္၌ ျပင္သစ္အသင္းမွ အလက္ဆစ္ လီဘရန္းကို ႏွစ္ပြဲရႈံးနိမ့္ေနရာမွ ေနာက္မွလိုက္ကစားကာ အႏိုင္ယူခဲ့ၿပီး တစ္ရက္အၾကာတြင္ ဂ်ပန္အသင္း၏ ထိပ္တန္းကစားသမား တိုမိုခါဇု ဟာရိမိုတိုကို အလားတူပုံစံအတိုင္း ထပ္မံအႏိုင္ယူခဲ့သည္။
ဟာရိမိုတိုက အျမန္ႏႈန္း၊ အင္ျပည့္အားျပည့္ ကစားဟန္တို႔ျဖင့္ မရပ္မနားဖိအားေပးခဲ့သျဖင့္ လ်န္မွာ ပြဲခ်ိန္အေစာပိုင္းတြင္ ႐ုန္းကန္ခဲ့ရၿပီး အဖြင့္ပြဲစဥ္ႏွစ္ပြဲ၌ ၁၁-၈၊ ၁၁-၄ ျဖင့္ အေရးနိမ့္ခဲ့သည္။ သို႔ေသာ္ လ်န္က တျဖည္းျဖည္း ပုံမွန္လက္စြမ္းျပန္ရလာၿပီးေနာက္ ရဲရဲတင္းတင္း တိုက္စစ္ဖြင့္ကစားကာ ပြဲအေနအထားကို ေျပာင္းျပန္လွန္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ႏွစ္ပြဲတြင္ ၁၁-၉၊ ၁၃-၁၁ ျဖင့္ အႏိုင္ရခဲ့သည္။
အဆုံးအျဖတ္ပြဲ၌ ဟာရိမိုတိုက ၈-၃ မွတ္ျဖင့္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီး အႏိုင္ရရွိရန္ အေျခအေနေကာင္းေနေသာ္လည္း လ်န္က ေနာက္ပိုင္းတြင္ ဆက္တိုက္အမွတ္ယူႏိုင္ခဲ့သည္။ လ်န္မွာ အမွတ္ရၿပီးတိုင္းတြင္ အားပါးတရ ေအာင္ပြဲခံခဲ့ၿပီး ၈ မွတ္ဆက္တိုက္ ရယူကာ ၁၁-၈ မွတ္ျဖင့္ အႏိုင္ရၿပီးေနာက္ အားကစား႐ုံအတြင္း ေအာင္ပြဲခံမႈမ်ား ထြက္ေပၚလာခဲ့သည္။
ကမာၻ႔အဆင့္-၁ ကစားသမား ဝမ္ခ်ဴခ်င္းကလည္း ဂ်ပန္အသင္း၏ တက္သစ္စ ပါရမီရွင္ကစားသမား ဆိုရ မာဆုရွိမကို ေလးပြဲကစားကာ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့သည္။ ဝမ္မွာ အဖြင့္ပြဲတြင္ ရႈံးနိမ့္ခဲ့ေသာ္လည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ သုံးပြဲဆက္တိုက္ အႏိုင္ျပန္ယူကာ တ႐ုတ္အသင္းကို ခ်န္ပီယံဆုႏွင့္ လက္တစ္ကမ္းအကြာသို႔ ေရာက္ရွိေစခဲ့သည္။
လ်င္ရွီးတုန႔္ကလည္း တတိယပြဲတြင္ ႐ႊန္းဆုကဲ တိုဂမိကို ေလးပြဲကစားကာ အႏိုင္ရခဲ့ၿပီး တ႐ုတ္အသင္းအတြက္ ေအာင္ပြဲရယူေပးခဲ့သည္။ အဆိုပါလူငယ္ကစားသမားက ပြဲသိမ္းရမွတ္ ရယူႏိုင္ခဲ့ၿပီးေနာက္ အားပါးတရ ေအာင္ပြဲခံခဲ့ကာ အသင္းေဖာ္မ်ားကလည္း ကြင္းထဲသို႔ အေျပးအလႊားဝင္ေရာက္ကာ ေအာင္ပြဲခံခဲ့ၾကသည္။
ဆီမီးဖိုင္နယ္တြင္ ျပင္သစ္ကစားသမားကို အေရးနိမ့္ခဲ့ၿပီးေနာက္ နည္းျပမ်ားႏွင့္ အသင္းတာဝန္ရွိသူမ်ားက ၎ကို ဝိုင္းဝန္းအားေပးခဲ့ၾကၿပီး ဗိုလ္လုပြဲတြင္လည္း ၎အေပၚ ယုံၾကည္ခဲ့ၾကသည္ဟု လ်င္က ဖြင့္ဟေျပာဆိုခဲ့သည္။
တ႐ုတ္အသင္းမွာ ၂၀၀၁ ခုႏွစ္မွစ၍ အမ်ိဳးသား အသင္းလိုက္ကမာၻ႔ခ်န္ပီယံဆုအားလုံးကို ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။ (Xinhua)


ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) တွင် တရုတ်အသင်းက ဂျပန်အသင်းကို အနိုင်ယူကာ ၁၂ ကြိမ်ဆက်တိုက် ချန်ပီယံဆုရရှိ
=======================================
မေ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲတွင် တရုတ်အသင်းက လျန်ကျင့်ခွန်း၏ နောက်ထပ် အံ့အားသင့်ဖွယ် comeback နိုင်ပွဲနှင့်အတူ ဂျပန်အသင်းကို ၃ ပွဲပြတ် အနိုင်ရရှိကာ ချန်ပီယံဆုကို ၁၂ ကြိမ်ဆက်တိုက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သည်။
လျန်မှာ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပြင်သစ်အသင်းမှ အလက်ဆစ် လီဘရန်းကို နှစ်ပွဲရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပြီး တစ်ရက်အကြာတွင် ဂျပန်အသင်း၏ ထိပ်တန်းကစားသမား တိုမိုခါဇု ဟာရိမိုတိုကို အလားတူပုံစံအတိုင်း ထပ်မံအနိုင်ယူခဲ့သည်။
ဟာရိမိုတိုက အမြန်နှုန်း၊ အင်ပြည့်အားပြည့် ကစားဟန်တို့ဖြင့် မရပ်မနားဖိအားပေးခဲ့သဖြင့် လျန်မှာ ပွဲချိန်အစောပိုင်းတွင် ရုန်းကန်ခဲ့ရပြီး အဖွင့်ပွဲစဉ်နှစ်ပွဲ၌ ၁၁-၈၊ ၁၁-၄ ဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော် လျန်က တဖြည်းဖြည်း ပုံမှန်လက်စွမ်းပြန်ရလာပြီးနောက် ရဲရဲတင်းတင်း တိုက်စစ်ဖွင့်ကစားကာ ပွဲအနေအထားကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး နောက်ထပ်နှစ်ပွဲတွင် ၁၁-၉၊ ၁၃-၁၁ ဖြင့် အနိုင်ရခဲ့သည်။
အဆုံးအဖြတ်ပွဲ၌ ဟာရိမိုတိုက ၈-၃ မှတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး အနိုင်ရရှိရန် အခြေအနေကောင်းနေသော်လည်း လျန်က နောက်ပိုင်းတွင် ဆက်တိုက်အမှတ်ယူနိုင်ခဲ့သည်။ လျန်မှာ အမှတ်ရပြီးတိုင်းတွင် အားပါးတရ အောင်ပွဲခံခဲ့ပြီး ၈ မှတ်ဆက်တိုက် ရယူကာ ၁၁-၈ မှတ်ဖြင့် အနိုင်ရပြီးနောက် အားကစားရုံအတွင်း အောင်ပွဲခံမှုများ ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာ့အဆင့်-၁ ကစားသမား ဝမ်ချူချင်းကလည်း ဂျပန်အသင်း၏ တက်သစ်စ ပါရမီရှင်ကစားသမား ဆိုရ မာဆုရှိမကို လေးပွဲကစားကာ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။ ဝမ်မှာ အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် သုံးပွဲဆက်တိုက် အနိုင်ပြန်ယူကာ တရုတ်အသင်းကို ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိစေခဲ့သည်။
လျင်ရှီးတုန့်ကလည်း တတိယပွဲတွင် ရွှန်းဆုကဲ တိုဂမိကို လေးပွဲကစားကာ အနိုင်ရခဲ့ပြီး တရုတ်အသင်းအတွက် အောင်ပွဲရယူပေးခဲ့သည်။ အဆိုပါလူငယ်ကစားသမားက ပွဲသိမ်းရမှတ် ရယူနိုင်ခဲ့ပြီးနောက် အားပါးတရ အောင်ပွဲခံခဲ့ကာ အသင်းဖော်များကလည်း ကွင်းထဲသို့ အပြေးအလွှားဝင်ရောက်ကာ အောင်ပွဲခံခဲ့ကြသည်။
ဆီမီးဖိုင်နယ်တွင် ပြင်သစ်ကစားသမားကို အရေးနိမ့်ခဲ့ပြီးနောက် နည်းပြများနှင့် အသင်းတာဝန်ရှိသူများက ၎င်းကို ဝိုင်းဝန်းအားပေးခဲ့ကြပြီး ဗိုလ်လုပွဲတွင်လည်း ၎င်းအပေါ် ယုံကြည်ခဲ့ကြသည်ဟု လျင်က ဖွင့်ဟပြောဆိုခဲ့သည်။
တရုတ်အသင်းမှာ ၂၀၀၁ ခုနှစ်မှစ၍ အမျိုးသား အသင်းလိုက်ကမ္ဘာ့ချန်ပီယံဆုအားလုံးကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)