မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္ရွိ အိမ္ေျခ ၂၀၀ ခန႔္ မီးေလာင္ကြၽမ္းခဲ့ၿပီး လူရာေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရ

မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္ရွိ အိမ္ေျခ ၂၀၀ ခန႔္ မီးေလာင္ကြၽမ္းခဲ့ၿပီး လူရာေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရ
=========================
ဧၿပီ ၁၉

​မေလးရွားႏိုင္ငံ၊ ဆာဘား (Sabah) ျပည္နယ္၊ ဆန္ဒကန္ခ႐ိုင္ရွိ ကမ္း႐ိုးတန္းေရေပၚေက်း႐ြာတစ္ခုတြင္ ယေန႔ (တနဂၤေႏြေန႔) နံနက္အေစာပိုင္းက ျပင္းထန္ေသာ မီးေလာင္မႈတစ္ရပ္ ျဖစ္ပြားခဲ့ရာ အိမ္ေျခ ၂၀၀ ခန႔္ ျပာက်ပ်က္စီးသြားၿပီး လူေပါင္း ၄၅၀ နီးပါး အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရေၾကာင္း သိရသည္။

​ မီးေလာင္မႈမွာ နံနက္ ၁ နာရီ ၃၂ မိနစ္ခန႔္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕ဝင္မ်ား ခ်က္ခ်င္းေရာက္ရွိလာခဲ့ေသာ္လည္း အခက္အခဲမ်ားေၾကာင့္ မီးျငႇိမ္းသတ္ရန္ ၾကန႔္ၾကာခဲ့ရသည္ဟု ဆိုသည္။ မီးသတ္သမားမ်ား သည္ မီးျငႇိမ္းသတ္ရန္အတြက္ လုံေလာက္ေသာ ေရအရင္းအျမစ္ ရွာေဖြရာတြင္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ခဲ့ရသည္။

​ လက္ရွိတြင္ မီးေဘးသင့္ျပည္သူ ၄၄၅ ဦးခန႔္ကို ဆန္ဒကန္ရွိ ယာယီကယ္ဆယ္ေရးစခန္းမ်ားတြင္ ေနရာခ်ထားေပးၿပီး ျဖစ္သည္။ အဆိုပါေက်း႐ြာတြင္ အေျခခံလူတန္းစားမ်ား၊ ႏိုင္ငံမဲ့မ်ားႏွင့္ တိုင္းရင္းသားလူနည္းစုမ်ား အမ်ားစုေနထိုင္ၾကျခင္းျဖစ္ရာ ပိုမိုထိခိုက္လြယ္သည့္ အေျခအေနျဖစ္ေနသည္။ ေဒသႏၲရအာဏာပိုင္မ်ား၏ စစ္ေဆးခ်က္အရ က်န္ရွိေနသည့္ အိမ္အခ်ိဳ႕မွာလည္း ေနထိုင္ရန္ မလုံၿခဳံေတာ့ေၾကာင္း သိရသည္။

​ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က ေဘးသင့္ျပည္သူမ်ားအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္းႏွင့္ ဖက္ဒရယ္အစိုးရအေနျဖင့္ ဆာဘားျပည္နယ္အာ ဏာပိုင္မ်ားႏွင့္ ပူးေပါင္းကာ အေျခခံလိုအပ္ခ်က္မ်ားႏွင့္ ယာယီေနထိုင္စရာမ်ားကို အျမန္ဆုံး စီစဥ္ေပးေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။


မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်ရှိ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ
=========================
ဧပြီ ၁၉

​မလေးရှားနိုင်ငံ၊ ဆာဘား (Sabah) ပြည်နယ်၊ ဆန်ဒကန်ခရိုင်ရှိ ကမ်းရိုးတန်းရေပေါ်ကျေးရွာတစ်ခုတွင် ယနေ့ (တနင်္ဂနွေနေ့) နံနက်အစောပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် ပြာကျပျက်စီးသွားပြီး လူပေါင်း ၄၅၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

​ မီးလောင်မှုမှာ နံနက် ၁ နာရီ ၃၂ မိနစ်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းရောက်ရှိလာခဲ့သော်လည်း အခက်အခဲများကြောင့် မီးငြှိမ်းသတ်ရန် ကြန့်ကြာခဲ့ရသည်ဟု ဆိုသည်။ မီးသတ်သမားများ သည် မီးငြှိမ်းသတ်ရန်အတွက် လုံလောက်သော ရေအရင်းအမြစ် ရှာဖွေရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

​ လက်ရှိတွင် မီးဘေးသင့်ပြည်သူ ၄၄၅ ဦးခန့်ကို ဆန်ဒကန်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးပြီး ဖြစ်သည်။ အဆိုပါကျေးရွာတွင် အခြေခံလူတန်းစားများ၊ နိုင်ငံမဲ့များနှင့် တိုင်းရင်းသားလူနည်းစုများ အများစုနေထိုင်ကြခြင်းဖြစ်ရာ ပိုမိုထိခိုက်လွယ်သည့် အခြေအနေဖြစ်နေသည်။ ဒေသန္တရအာဏာပိုင်များ၏ စစ်ဆေးချက်အရ ကျန်ရှိနေသည့် အိမ်အချို့မှာလည်း နေထိုင်ရန် မလုံခြုံတော့ကြောင်း သိရသည်။

​ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘေးသင့်ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဖက်ဒရယ်အစိုးရအနေဖြင့် ဆာဘားပြည်နယ်အာ ဏာပိုင်များနှင့် ပူးပေါင်းကာ အခြေခံလိုအပ်ချက်များနှင့် ယာယီနေထိုင်စရာများကို အမြန်ဆုံး စီစဉ်ပေးနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။