သြစတြေးလျနိုင်ငံမှ ဖောက်ထွင်းရယူထားသော ဆေးမှတ်တမ်းများကို အင်တာနက်တွင်ဖေါ်ပြနေခြင်းအား ရပ်တန့် ပေးစေလိုပါက ဒေါ်လာ ၁၀ သန်းပေးရန် ဟက်ကာများက တောင်းဆို

သြစတြေးလျနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ကုမ္ပဏီကြီးတစ်ခုထံမှ ဖောက်ထွင်းရယူထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျန်းမာရေးမှတ်တမ်းများကို ကွန်ပျူတာဟက်ကာများက အင်တာနက်တွင် ဆက်တိုက် ထုတ်ပြန်ဖော်ပြနေလျှက်ရှိပြီး ထိုသို့ပြုလုပ်နေခြင်းကို ရပ်တန့်ပေးစေလိုပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးရမည်ဟု ယနေ့ ကြာသပတေးနေ့တွင် တောင်းဆိုထားသည်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Anthony Albanese ၏ သီးသန့် ကျန်းမာရေးမှတ်တမ်းများအပါအဝင် စုစုပေါင်း ပြည်သူ ၉ ဒသမ ၇ သန်းတို့၏ ကျန်းမာရေးမှတ်တမ်းများကို သိမ်းဆည်းထားသော MediBank ဟူသည့် ပုဂ္ဂလိက ကျန်းမာရေးအာမခံလုပ်ငန်းကြီး၏ ကွန်ပျူတာကွန်ရက်အား ဖောက်ထွင်းဝင်ရောက်၍ ရယူထားကြောင်းနှင့် ယခု တောင်းဆိုသော ငွေပမာဏသည် လူတစ်ဦးလျှင် ၁ ဒေါ်လာနှုန်းမျှသာရှိကြောင်း ဟက်ကာတို့ကဆိုသည်။

အဆိုပါ ဈေးနှုန်းမှာ မူလက ကန်ဒေါ်လာ ၁၄ သန်းတောင်းဆိုထားခြင်းကို ဈေးလျှာ့ပေးထားခြင်းဖြစ်ကြောင်း သူတို့ကပြောသေးသည်။

ဗုဒ္ဓဟူးနေ့ စောစောပိုင်းက အဆိုပါ ကွန်ပျူတာဟက်ကာများ အင်တာနက်တွင် ဖော်ပြခဲ့သည့် မူးယစ်ဆေးစွဲသူများ၊ အရက်စွဲသူများ နှင့် HIV ဖြစ်ပွားနေသူများ၏ ကျန်းမာရေးမှတ်တမ်းများစာရင်းတွင် လူနာမည်များကိုပါ ဖေါ်ပြထားပြီး၊ “naughty list” ဟု ခေါင်းစဉ်တပ်ထားသည်။

MediBank သည် သြစတြေးလျနိုင်ငံ၏ အကြီးဆုံးသော ပုဂ္ဂလိကကျန်းမာရေးအာမခံလုပ်ငန်းဖြစ်ပြီး ယင်းရှိ ကျန်းမာရေးမှတ်တမ်းများထဲတွင် နိုင်ငံ၏သြဇာအရှိဆုံးနှင့် အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ ပါဝင်ဖွယ်ရှိသည်။

ဟက်ကာများက မိမိတို့တောင်းဆိုထားသောပြန်ပေးငွေ မပေးရလျှင် လူသိများထင်ရှားကျော်ကြားသော သြစတြေးလျနိုင်ငံသား ၁,၀၀၀ ၏ အချက်အလက်များကို အခြားနေရာတစ်ခုဆီသို့ ရောင်းချမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

သြစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး Clarre O’Neil ကမူ ယခုကဲ့သို့ ပြုလုပ်သူများသည် လွန်စွာ ရွံရှာဖွယ် ကောင်းကြောင်း လွှတ်တော်အစည်းအဝေးတွင် ယမန်နေ့က ပြောကြားခဲ့သည်။  -Ref:Reuters