တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာမှ အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့် ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်
မန္တလေး၊ ဇွန် ၅
တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာမှ အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့် ဟာ ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်ခဲ့တယ် လို့ အဲဒီကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းပြုလုပ်တဲ့ ပြည်ခိုင်ဖြိုး ပါတီ၊ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအရသိရပါတယ်။
“ကျနော်တို့ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့ကြရပါတယ်၊ တရားဥပဒေစိုးမိုးမှုမရှိလို့နေရာတိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတဲ့အပြင် အနောက်ဘက်ရခိုင်ဒေသမှာ အချုပ်အခြာကို ထိပါးခံရတဲ့ ခိုးဝင်ဘင်္ဂလီကိစ္စ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံး ကောင်းတာဘာတစ်ခုမှမရှိဘူး၊ အနိဋ္ဌာရုံကြီးပဲဖြစ်နေကြားနေရပါတယ်၊ ဒါတွေဟာလက်ရှိအစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်တယ်၊ အတွေ့အကြုံမရှိ အပြောနဲ့အလုပ်မညီတာကို ကျနော်တို့ သည်းမခံနိုင်တော့တဲ့အဆုံး ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ထားတဲ့အဖွဲ့၊ ဘာသာကိုအသက်ပေးကာကွယ်စောင့်ရှောက်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆီဝင်ရောက်ကြတာပဲ ဖြစ်ပါတယ်” လို့ ပါတီကူးပြောင်းဝင်ရောက်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ပါတီကူးပြောင်းဝင်ရောက်ကြသူတွေကိုယ်စား ဦးပေါက်ကပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်ရဲ့ မြင်းခြံခရိုင်၊တောင်သာမြို့နယ် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ ခရီးစဉ်အတွင်း တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာပြုလုပ်တဲ့ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားမှာ တောင်သာမြို့နယ် ကျေးရွာအုပ်စုတွေက အသက် ၁၈ နှစ်အထက် ပါတီဝင်အသစ်စုစုပေါင်း (၄၀၅) ဦး ပြည်ခိုင်ဖြိုးပါတီဆီဝင်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။
“သူတို့က စည်းရုံးရေးကောင်းလို့ ပြောင်းလဲလာမလားဆိုပြီး ကျွန်တော်အဲဒီပါတီဝင်ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် တိုးတက်မလာဘူး၊ ကျွန်တော်တို့က ရပ်ကျိုးရွာကျိုး တကယ်လုပ်မယ့်ပုဂ္ဂိုလ်တွေ လိုချင်တာပါ၊ သူတို့ကအကွဲကွဲအပြဲပြဲတွေဖြစ်လာတော့ ကျွန်တော်တို့က အုတ်ရောရောကျောက်ရောရောအဖြစ်မခံချင်လို့ ပြည်ခိုင်ဖြိုးပါတီဆီပြန်ဝင်ခဲ့ကြတာပါ” လို့လည်း ဦးပေါက်ကပြောပါတယ်။
ပါတီဝင်သစ်တွေကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်ကိုယ်တိုင် ပါတီရင်ထိုးတံဆိပ်တွေတပ်ဆင်ပေးခဲ့တာဖြစ်ပြီး အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က အမှာစကား ပြောကြားခဲ့သလို တောင်သာမြို့နယ်ပါတီကော်မတီဝင် ဦးကျော်နိုင်ကဒေသအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
“ကျွန်မက အရင်က အန်အယ်လ်ဒီပါတီဝင်တစ်ယောက်ပါ၊ အခုကတော့ ပြည်ခိုင်ဖြိုးပါတီကိုပဲ အယုံအကြည်ရှိတော့လို့ ပြည်ခိုင်ဖြိုးပါတီဆီဝင်လာတာပါ၊ ကျွန်မနဲ့အတူ ပါတီဝင်သူ ရာဂဏန်းလောက်ရှိပါတယ်” လို့ ရုံးစည်ကြီးကျေးရွာဒေသခံဒေါ်ရီရီဝင်းကပြောပါတယ်။
စောထွေး




