မိုဘိုင်းလ်ငွေပေးချေမှု ဝန်ဆောင်မှုတွေ မှတ်ပုံတင်ရမည်

မိုဘိုင်းလ်ငွေပေးချေတဲ့ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္မဏီတွေကို MFS မှာ မှတ်ပုံတင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။ ပြည်တွင်းမှာ မိုဘိုင်းလ်ငွေပေးချေတဲ့ ဝန်ဆောင်မှုလုပ်ငန်း နှစ်မျိုးနှစ်စား လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ပြည်တွင်းက ဘဏ်တွေနဲ့ချိတ်ဆက်ပြီး နည်းပညာသဘောတူညီချက်ရယူပြီး ဆောင်ရွက်နေတဲ့ မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှု (Mobile Banking) စနစ်နဲ့ ဘဏ်တွေနဲ့ မချိတ်ဆက်ဘဲ ကုမ္မဏီ သီးသန့်မှတ်ပုံတင်ပြီး ဆောင်ရွက်တဲ့ မိုဘိုင်းလ်ငွေပေးချေမှု (Mobile Payment) ဆိုပြီး ရှိပါတယ်။

မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေက ဘဏ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်လို့ MFS အောက်မှာမရှိဘဲ ဘဏ်တွေက မှတ်ပုံတင်တဲ့လုပ်ငန်းဖြစ်လို့ မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှုအတွက် သီးခြားမှတ်ပုံတင်စရာ မလိုဘူးလို့ သိရပါတယ်။
အူရီဒူး၊ တယ်လီနော၊ အမ်ပီတီစတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်တဲ့ Red dot လို လုပ်ငန်းမျိုးတွေကလည်း မှတ်ပုံတင်စရာမလိုဘူးလို့ သိရပါတယ်။ တယ်လီဖုန်းဆင်းမ်ကတ်၊ ငွေဖြည့်ကတ် ရောင်းတဲ့ လုပ်ငန်းမျိုးတွေက ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရထားတဲ့ လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်လို့ သီးခြားမှတ်ပုံတင်စရာမလိုဘူးလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင် ကရှင်းပြပါတယ်။

မိုဘိုင်းလ်ငွေပေးချေမှုစနစ်ကတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီက သီးခြားဆောင်ရွက်တာ ဖြစ်လို့ Mob-ile Financial Service (MFS) မှာ မှတ်ပုံတင်ပြီးမှ လုပ်ငန်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
မိုဘိုင်းလ်ငွေပေးချေမှု လုပ်ငန်းတချို့က ပြည်တွင်းမှာ မှတ်ပုံမတင်ဘဲ လုပ်ငန်းဆောင်ရွက်နေတာတွေရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က OK Dollar က အရင်က Mobile Financial Service လိုင်စင်မရှိစဉ်တုန်းက ရထားတယ်လို့ သိရတယ်၊ MFS Regulation ပေါ်လာတော့ MFS အောက်မှာ Reg-ularize လုပ်ဖို့ OK Dollar ပြောပြီး လျှောက်လွှာတင်ထားတယ်၊ MFS နဲ့ ညီအောင်လုပ်ရမယ်၊ သတ်မှတ်ချက်တွေ ရှိပါတယ်၊ အဲဒါနဲ့ညီအောင်လုပ်နေတယ်ကြားတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ မိုဘိုင်းလ်ဝန်ဆောင်မှုတွေ ဆောင်ရွက်နေတဲ့ OK Dollar , Red dot, True Money, My Pay စတဲ့ လုပ်ငန်းတွေ မြန်မာပြည်အနှံ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ ဒီမိုဘိုင်းလ်နက်ဝပ်ခ်ကို အသုံးပြုပြီး ငွေပေး ငွေယူလုပ်တဲ့ လုပ်ငန်းတွေကိုလုံခြုံမှုအတွက် ဗဟိုဘဏ်က စံသတ်မှတ်ချက်တွေ သီးသန့်ထုတ်ပြန်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

Kumudra