
ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်စေမှုတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆို တစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ အရေးကြီးအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားကို ဥက္ကဋ္ဌက တောင်းခံရာ ကန့်ကွက် သူမရှိ ထောက်ခံခဲ့သဖြင့် လက်ခံဆွေးနွေးရန် သဘောတူလိုက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အမည် စာရင်း ပေးသွင်းရမည်ဖြစ်သည်။





