
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက နေပြည်တော်၌ ပြုလုပ်သည့် မြို့နယ် ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “လာမယ့် ပညာသင်နှစ်မှာ KG+12 ပညာရေးစနစ်ရဲ့ နောက်ဆုံးအတန်းဖြစ်တဲ့ Grade-12 ကိုဖွင့်လှစ် သင်ကြားတော့မှာဖြစ်လို့ စာသင်ခန်းလိုအပ်ချက်နဲ့ တခြားလိုအပ်ချက်တွေကို တွက်ချက်ပြီး စာရင်းပြုစု တင်ပြပေးရပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေ ကပြောသည်။ ထို့ပြင် ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ကာ ယင်း ကျောင်းများတွင် KG+12 ပညာ ရေးစနစ်အား သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊စက်မှုစသဖြင့် ဝါသနာပါရာအားအထူးပြု တက်ရောက်သင်ကြားနိုင်မည်ဟု ပြောသည်။







