ဧရာဝတီမြစ်ဆုံ ကော်မရှင် စီမံကိန်းဒေသသို့ သုံးရက် သွားရောက်မည်

ဧရာဝတီ- မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဒေသသို့ သုံးရက်ကြာ သွားမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်အဖွဲ့ထံမှ သိရသည်။

 “ကျွန်မတို့က ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ သွားမယ်။ ဘယ်ကနေ သွားမယ်ဆိုတာတော့ မသိသေးဘူး”ဟု ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

ယင်းစီမံကိန်းဒေသသို့သွားရောက်ရာတွင် ကော်မရှင်အဖွဲ့ဝင်များ အားလုံးလိုက်ပါနိုင်ခြင်းမရှိ၍ အဖွဲ့ဝင်အချို့သာ သွားရောက်မည်ဖြစ်ကြောင်း ဧရာဝတီမြစ်ဆုံကော်မရှင်ထံမှ သိရသည်။

ဧရာဝတီ- မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်ကို အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ လေ့လာသုံးသပ်မည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၆ ဦး၊ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂ဝ ဦးဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါကော်မရှင်သည် မြစ်ဆုံစီမံကိန်း ဆက်လက်ဆောင်ရွက် သင့်၊ မသင့်ကို လေ့လာရာတွင် မြန်မာနိုင်ငံ၏ အသက်သွေးကြော တစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေ အနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ စသည့် အချက် (၇) ချက်ကို လေ့လာသုံးသပ်ရမည်ဖြစ်ပြီး ထိုသို့တင်ပြရာတွင် ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် အလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရန် သမ္မတက ညွှန်ကြားထားပြီး ကော်မရှင်၏ လေ့လာသုံးသပ်မှု ပထမအစီရင်ခံစာကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံတင်ပြရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် ပြည်သူများ၊ အရပ်ဘက်အဖွဲ့များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များတောင်းဆိုခြင်းကြောင့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့၌ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို ၂ဝဝ၆ ခုနှစ်၌ တရုတ်-မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို တရုတ်အစိုးရပိုင် CPI ကုမ္ပဏီမှ ဦးဆောင်တည်ဆောက်ခဲ့သည်။ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်တွင် ရေကာတာ စီမံကိန်းများ အတွက် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၂ဝ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပြီး စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝဝ ကို တရုတ်နိုင်ငံမှ အများစုသုံးစွဲမည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း အနည်းငယ်သာ သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားချက်များအရ သိရသည်။

# The Voice


Leave a Reply