လာမည့်နှစ်မှစတင်ကာ ပညာရေးကောလိပ်များ၏ စာသင်နှစ်ကို နှစ်နှစ်မှ လေးနှစ်သို့ တိုးမြှင့်တော့မည် ပညာသင်နှစ်ပြီးဆုံးပါက ဘွဲ့အဆင့်ထိ သတ်မှတ်တိုးမြှင့်ပေးအပ်မည်ဟုဆို

ယခင်က နှစ်နှစ်သာတက်ရောက်ခဲ့ရသည့် ပညာရေးကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစတင်ကာလေးနှစ် တက်ရောက်ရတော့မည်ဖြစ်ပြီး ဘွဲ့ အဆင့်ထိ သတ်မှတ်တိုးမြှင့်ပေး အပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပညာရေးဝန်ကြီး ဌာန၏ဖွဲ့စည်းပုံအရ အဆင့်မြင့် ပညာဦးစီးဌာနလက်အောက် ယခင် ဆရာအတတ် ပညာ ဦးစီးဌာနလက်အောက်မှ ပညာရေးကောလိပ် များကို ထည့်သွင်းလိုက်ရာပညာရေးကောလိပ်များ၏ သင်ကြားမှုသည် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များကဲ့သို့ လေးနှစ်အထိ သင်ကြားရတော့မည်ဖြစ်ပြီး ပညာရေးကောလိပ် များမှ ဆင်းသောကျောင်းသားကျောင်းသူများကို ဘွဲ့အဆင့်ထိ တိုးမြှင့်ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ယခင် ဆရာအတတ်ပညာဦးစီးဌာနမှသိရသည်။

“”ကျွန်တော်တို့ဆရာအတတ် သင်ဖိုရမ်လုပ်ပြီးခဲ့တယ်ဆိုတဲ့ အစီအရင်ခံစာကိုတော့ ပညာရေးဝန်ကြီးဌာနကို တင်ပြပြီးသွားပြီ။ ပညာရေးကောလိပ်တွေ အဆင့်တိုးဖို့ အတွက်ကျတော့ လက်ရှိမှာပညာရေး ၀န်ကြီးဌာနရဲ့ ဖွဲ့စည်းပုံက အတည် ဖြစ်သွားပြီ။ အဲဒီတော့ ကျွန်တော်တို့ဦးစီးဌာနအောက်မှာရှိတဲ့ ပညာရေးကောလိပ်တွေက အဆင့်မြင့်ပညာဦးစီးဌာနအောက်ကို ရောက်သွားပြီဖြစ်တဲ့အတွက် ကောလိပ်အဆင့်ကနေ ဒီဂရီကောလိပ်အဆင့် ထိကို ရောက်သွားပါပြီ။ ဒါကြောင့် နှစ်နှစ်ကနေ လေးနှစ်အထိ ဖြစ်သွားမှာပါ။ ဒီနှစ်ကတော့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွေကလည်း ဖြန့်ဝေပေးပြီးသွားပြီ။ ၀င်ခွင့်တွေကလည်း လျှောက်ထားနေကြပြီဖြစ်တော့ ဒီနှစ် ကျောင်းသားတွေတော့ မမီတော့ဘူး။ လာမယ့်နှစ်ကတော့ နှစ်နှစ်ကနေ လေးနှစ်အထိတက်ရဖို့က သေချာသလောက်ရှိသွားပါပြီ””ဟု ဆရာအတတ်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း က ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၅ ရက်က အတည်ပြုပြောကြားလိုက်သည်။

လာမည့်နှစ်တွင် ပညာရေးကောလိပ်များ နှစ်နှစ်သင်တန်းမှ လေးနှစ်သင်တန်းအထိ တိုးမြှင့်မည်ဖြစ်သည့်အတွက်

ဝင်ခွင့်သတ်မှတ်ချက် အကြမ်းမျင်းအရ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားနိုင်သည်ဟု သတ်မှတ်နိုင်ပြီဖြစ်သော်လည်း ၀င်ခွင့်သတ်မှတ်ချက် အသေးစိတ်ကို လာမည့်တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ရေးဆွဲချိန်တွင် ပြန်လည်ညှိနှိုင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးကောလိပ်ပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

#Democracytoday


Leave a Reply