မိုးနှောင်းကာလ မုန်တိုင်းများဖြစ်ပေါ်ပြီး ရေကြီးမှု အခြေအနေဆိုးနိုင်ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၃ ခုမှ ၅ ခုအထိ ဖြစ်ပေါ်နိုင်ပြီး ရေကြီးမှုအခြေအနေ ဆိုးဝါးနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းတွင် ယခုအချိန်အထိ ဘင်္ဂလားပင်လယ်အော်ထဲတွင် မေလကဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း (ROANU) တလုံးတည်းသာ ဖြစ်သေးခဲ့ကြောင်း၊ မကြာခင်မိုးကုန်တော့မည်ဖြစ်ပြီး မိုးကုန်သည်အထိ ယင်းမုန်တိုင်း တလုံးတည်းသာရှိလိမ့်မည်ဖြစ်၍ မိုးရာသီအကုန် မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လအတွင်းတွင် မုန်တိုင်း များစုပြုံပြီးဖြစ်ပေါ်နိုင်ကြောင်း ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အတွင်း နှစ်အလိုက် ပျှမ်းမျှအားဖြင့် မိုးနှောင်းကာလ ၃ လအတွင်းဖြစ်သည့် မုန်တိုင်းအရေအတွက် ၃ လုံးအထက် ရှိကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

၂၀၁၆ မိုးရာသီ မိုးလယ်ကာလသည် မကြာခင်ကုန်ဆုံးတော့မည်ဖြစ်ပြီး စက်တင်ဘာမိုးနှောင်းကာလ အတွင်း မှာပင် မုတ်သုံပြန်ဆုတ်ခွာမည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုနှင့်ပတ်သက်၍ မိုးရေချိန်သည် မိုးဦးရာသီမှမိုးလယ်ကာ အထိ အတက်အကျရှိသော်လည်း အားလုံးကိုခြုံငုံပြောပါက ယခုနှစ် မိုးကောင်းသည်ဟု ပြောနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သုံးသပ်သည်။

မြန်မာနိုင်ငံသည် မိုးရာသီကာလတွင် တနှစ်လျှင် ရေကြီးမှု ၃ ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ယခုအခါ ဒုတိယရေကြီးကာလ ပြီးသွားပြီ ဖြစ်ကြောင်း၊ စက်တင်ဘာတွင် စတင်မည့် တတိယရေကြီးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တတိယ ရေကြီးကာလတွင် ရေကြီးမှုသည် အနည်းငယ်အခြေအနေဆိုးနိုင်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

“မုတ်သုံရယ်၊ ဘင်္ဂလားပင်အော်ဖြစ်တဲ့ မုန်တိုင်းရယ်၊ အရှေ့ဘက်ကရွေ့လာတဲ့ လေပွေလှိုင်းရယ် ၃ ခုစလုံး သွားဆုံတယ်။ ဒါလေးတခုကို ခြွင်းချက်တခုအဖြစ် သိထားသင့်တယ်။ အဲလိုမဖြစ်ဘူးဆိုရင်တော့ တတိယ ရေကြီး ကာလရဲ့ ရေကြီးမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်ရေကြီးမှုကိုမမီပါဘူး။ သာမန်အားဖြင့်တော့ မမီပါဘူး။ သို့သော် ခြွင်းချက် အဲလိုတိုက်ဆိုင်မယ်ဆိုရင်တော့ ရေကြီးတာဟာ နည်းနည်းဆိုးသွားနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင် က သတိပေးသည်။

၁၉၇၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေသည် အလွန်အမင်းမြင့်တက်ပြီး ရေကြီးခဲ့ဖူးကြောင်း၊ ပဲခူးတိုင်း ပြည်မြို့ ရွှေဆံတော်ဘုရား ခြေရင်းတည်ထားသည့် ခြင်္သေ့ကြီးများ၏ ခြေရင်းရောက်သည်အထိ ဧရာဝတီမြစ်ရေတက် ခဲ့သည်အထိ ရေကြီးမှုဆိုးဝါးခဲ့ကြောင်း ၎င်းက ပြောပြသည်။

၂၀၁၆ ခုနှစ် ရေကြီးမှုဒဏ်ကို မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ လူဦးရေ ၄ သိန်းကျော် ခံစားခဲ့ရပြီး နိုင်ငံတ၀န်း စိုက်ပျိုးဧကစုစုပေါင်း ၅ သိန်းကျော် စံချိန်တင် ရေနစ်မြုပ်ခဲ့ရ ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသည်။

“ရေတွေပြန်ကျသွားပြီ။ ကယ်ဆယ်ရေးစခန်းတွေ မရှိသလောက်ပဲ။ ကျောင်းကုန်းမှာပဲကျန်တော့တယ်။ ပျက်စီး သွားတဲ့စပါးခင်းတွေ ပြန်စိုက်နေကြပြီ။ တချို့ကတော့ နောက်ရေတခုရှိသေးတယ်ဆိုပြီး သိထားတော့ မစိုက် သေးတာလည်းရှိသေးတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက လက်ရှိအခြေအနေကို ပြောသည်။ # Irrawaddy


Leave a Reply