ဘန်ကီမွန်းနှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များ နေပြည်တော်တွင် တစ်နာရီကြာ တွေ့မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် နေပြည်တော်၌ သြဂုတ် ၃၁ ရက်တွင်တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂအအတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံပြုလုပ်မည့် သြဂုတ် ၃၁ ရက်၌ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း မေတ္တာရပ်ခံလာခြင်းကြောင့် အစည်းအဝေးပြုလုပ်ရန် စီစဉ်ရခြင်းဖြစ် သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဗုဒ္ဓဘာသာမှ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၊ အရှင် ဆေကိန္ဒ (ဓမ္မဒူတဆရာတော်)၊ ဦအရိယာ ဘိဝံသ (မြ၀တီဆရာတော်)၊ အ ရှင်ဉာနိန္ဒ (မစိုးရိမ်တိုက်ဟောင်း မန္တလေး)၊ ဒေါ်ကေတုမာလာ(Ph.D) ဘွဲ့သင်တန်းသား (ဗုဒ္ဓတက္ကသိုလ် – သီရိလင်္ကာနိုင်ငံ) နှင့် ဦးပညာသီဟ (သီတဂူကျောင်း) တို့အား ဖိတ်ကြားထားသည်။

ခရစ်ယာန်ဘာသာမှ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ ဦးစောပက်ထရစ်လူနီ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် မန်းပင်လလ်မာစ တန်၊ ရဟန်းအမတ်ချားလ်စ်ဘို၊ လက်ထောက်ဆရာတော် (ရန် ကုန်)၊ ကတ်သလစ်အသင်းတော်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်း တော်(အင်္ဂလီကန်) သာသနာပိုင်ချုပ် စတီဖန်သန်းမြင့်ဦး၊ မြန်မာနိုင်ငံ ခရစ်ယာန်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ စောဆမ်ဆန်လတ်တို့အား ဖိတ်ကြားထားကြောင်း သတင်းရရှိ သည်။

အစ္စလာမ်ဘာသာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ်အိုလမာသာ သနာ့ပညာရှင်များအဖွဲ့ချုပ် ကိုယ်စား လှယ်ဦးကျော်ငြိမ်း၊ မြန်မာ-မွတ်စလင် လူငယ်များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဓမ္မသတ်မှူး ဦးကိုလေးနှင့် အယ်ဟဂ်ျ ဦးအေးလွင်တို့အား ဖိတ်ကြားထားသည်။

ဟိန္ဒိုဘာသာမှ မြန်မာနိုင်ငံဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်သိန်း၊ ဒေါက်တာလှထွန်းနှင့် ဦးဇော်ဝင်း၊ ဂျူးဘာသာမှ ဦးဆယ်မီဆယ်မျူရယ်၊ ဘာဟာအီဘာသာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဟာအီ သာသနာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ကြိုင်တို့အား ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားခံထားရသူအများစု တက်ရောက်နိုင်ဖွယ်ရှိပြီး ယခုအချိန်ထိမူ အစည်းအဝေး တက်ရောက်မည့်သူများကို အတည်မပြုနိုင်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအစည်းအဝေးကို နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ ပြုလုပ်မည်ဖြစ်ပြီး သတင်းရယူခွင့်နှင့်ပတ်သက်၍ အကြောင်းကြားထားခြင်းမရှိသေးကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန ဒုအမြဲတမ်းအတွင်း ၀န်ဦးမျိုးမြင့်မောင်ကပြောသည်။ # 7 Day Daily


Leave a Reply