ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု လျော့ကျဟု အစိုးရထုတ်ပြန်
ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု အရေအတွက်သည် ပြီးခဲ့သည့် ဇွန်လကထက် လျော့နည်းသွားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှုသည် ဇွန်လက ဦးရေ ၁၈,၀၀၀ ခန့်ရှိပြီး ဇူလိုင်တွင် ၁၅,၀၀၀ ခန့်သာရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလုပ်အကိုင်ရှာဖွေပေးနိုင်မှုသည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ခဲ့ပြီး ဇွန်လက ဦးရေ ၁၂,၀၀၀ ကျော် ရှိပြီး ဇူလိုင်တွင် ဦးရေ ၁၀,၀၀၀ ကျော်ရှိခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလုပ်အကိုင်ရှာဖွေပေးနိုင်မှုသည် ယင်းနှစ်လအတွင်း ၃,၀၀၀ ခန့် လျော့ကျခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဦးရေ ၂,၀၀၀ ခန့် အလုပ်အကိုင်ရှာဖွေပေးနိုင်မှု လျော့သွားသည့်အတွက် အလုပ်အကိုင်ရှာဖွေပေးနိုင်မှု အများဆုံးလျော့နည်းသည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးတွင် ဇွန်လအတွင်းက အလုပ်အကိုင်ရှာဖွေပေးနိုင်သည့် ဦးရေ ၁,၂၀၀ ကျော်ရှိရာမှ ဇူလိုင်တွင် ၆၀၀ ကျော်သို့ လျော့ကျခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် ဇွန်လက ဦးရေ ၁,၇၀၀ ကျော် အလုပ်အကိုင် ရှာဖွေပေးနိုင်ပြီး ဇူလိုင်တွင် ဦးရေ ၈၀၀ ခန့်သာ ရှာဖွေပေးနိုင်ခဲ့သည့်အတွက် ယင်းဒေသနှစ်ခုသည်လည်း အလုပ်အကိုင်ရှာဖွေပေးနိုင်မှု သိသာစွာကျဆင်းသွားသည့် ဒေသများဖြစ်ခဲ့သည်။
‘‘မိုးတွင်း အလုပ်တွေပါးတဲ့အတွက် အလုပ်အကိုင်ရှာဖွေပေးနိုင်မှုက လျော့သွားတဲ့သဘောပါ။ ဒါကလည်း အခိုက် အတန့်ပဲ။ ဖြစ်လေ့ရှိပါတယ်’’ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းအလုပ်အကိုင်ဈေးကွက်တွင် လက်ရှိအချိန်၌ အရောင်းမြှင့်တင်ရေးနှင့် နည်းပညာလုပ်ငန်းကဏ္ဍများအတွက် လုပ်သားလိုအပ်ချက် ပိုများနေခဲ့သည်ဟု အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများက ဆိုသည်။
‘‘အလုပ်သမားလိုအပ်ချက်တွေကတော့ နောက်ပိုင်းထပ်များနေပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာက အတွေ့အကြုံရှိတဲ့ လုပ်သားလိုအပ်ချက်ပိုများနေတော့ တကယ်အလုပ်ရနိုင်မှုမှာ အခက်အခဲတွေရှိနေတာ တွေ့ရတယ်’’ ဟု မြင့်မိုရ် ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
အလုပ်အကိုင်ရှာဖွေပေးနိုင်မှုစာရင်းသည် တရားဝင်အလုပ်အကိုင်ရှာဖွေမှု ဝန်ဆောင်မှုပေးနေကြသည့် အေဂျင်စီများ ပုံမှန်ပေးပို့လာသည့်စာရင်းနှင့် မြို့နယ်အလုပ်သမားရုံးများက အလုပ်အကိုင် ချိတ်ဆက်ရှာပေးနိုင်သည့် စာရင်းများကို ပေါင်းကာ ပြုစုထားခြင်းဖြစ်သည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
အချို့လုပ်ငန်းခွင်များသည် အလုပ်သမားအား တိုက်ရိုက်ချိတ်ဆက်ခေါ်ယူခန့်အပ်မှုများရှိကြ၍ ၎င်းတို့မှာ အလုပ်အကိုင် ပေးနိုင်မှုစာရင်းတွင် ပါဝင်မည်မဟုတ်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်ရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်း အလုပ် အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း ၈၀ ခန့်ကို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားပြီး ၎င်းတို့က တစ်နှစ်လျှင် အည်းဆုံး အလုပ်သမားဦးရေ ၅၀၀ ကို အလုပ်အကိုင်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဟု ညွှန်ကြားထားသည်။
# 7 Day Daily