ကာတာစင်တာ၏ ၂၀၁၅ ရွေးကောက်ပွဲ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အား လုပ်ကိုင်ခွင့် အပြည့်အဝပေးထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် နည်းဥပဒေများကို ပြင်ဆင်သင့်ကြောင်း The Carter Center က ၂၀၁၅ မြန်မာနိုင်ငံ၏ ပါလီမန် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း အပြီးသတ်အစီရင်ခံစာတွင် ပြည်ထောင်စုလွှတ်တော်နှင့် မြန်မာအစိုးရသို့ အကြံပြုထားသည်။

‘‘ရွေးကောက်ပွဲစီမံခန့်ခွဲတဲ့ အဖွဲ့ဆိုတာကလည်း ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ အကျိုးဆောင်အဖွဲ့အသီးသီးရဲ့ ယုံကြည်မှုကိုလည်း ရရှိရမယ်။ ဆပ်ကော်မတီ ရွေးချယ်တဲ့ဥပဒေကို ပြင်ဆင်ပြ ဋ္ဌာန်းဖို့လည်း လိုအပ်ပါတယ်’’ဟု The Carter Center ၏ မြန်မာ နိုင်ငံ ဒါရိုက်တာ Stefan Krause က ပြောသည်။

ကော်မရှင်ခွဲအဖွဲ့ဝင်များ ခန့်အပ်သည့်လုပ်ထုံးလုပ်နည်းဥပဒေများတွင် တိုင်းရင်းသားမတူ ကွဲပြားမှုကို ကိုယ်စားပြုရန်နှင့် ကျား၊ မတန်းတူမျှတရန်လည်း သေချာထည့်သွင်းသင့်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

မဲဆန္ဒရှင်များသည် လွှတ်တော်အမတ်တိုင်းကို တိုက်ရိုက် မဲပေးရွေးချယ်သင့်ပြီး တပ်မတော်အတွက် အမတ်နေရာ သီးသန့်ထားခြင်းများ ရပ်တန့်သင့်ကြောင်းလည်း အစီရင်ခံစာက အကြံပြု သည်။

ထို့အပြင် စစ်ဘက်ဆိုင်ရာ မဲပေးခြင်းအပါအဝင် ကြိုတင်မဲပေးခြင်းအတွက် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခြင်း ဥပဒေတွင် အခိုင်အမာ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

‘‘ကြိုတင်မဲတွေကို ပါတီကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ လေ့လာစောင့် ကြည့်ခွင့်ရှိသင့်ပါတယ်’’ဟု Mr Stefan Krause က ပြောသည်။

ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ခြင်းနှင့် အရည်အချင်း စိစစ်မှုတွင် ကိုယ်စားလှယ်လောင်း တိုင်းအတွက် တူညီသည့် လုပ်ထုံးလုပ်နည်းတစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်များသည် မည်သည့် အထောက်အထားများကို အခြေ ခံကြောင်း ရှင်းပြသင့်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် မဲဆွယ်စည်းရုံး လှုံ့ဆော်မှုအတွက် ပါတီသို့ လှူဒါန်းသည့် အလှူရှင်များ၏ အမည်များကို တိတိကျကျ ဖော်ပြရန် လိုအပ်ပြီး လှူဒါန်းသော ပမာဏအသုံးစရိတ်များကိုလည်း သတ်မှတ်နှုန်းထားတစ်ခု ထားသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းကို ဒစ်ဂျီတယ်စနစ်ဖြင့် ထည့်သွင်းနိုင်ခြင်း၊ နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများနှင့် ပြည်တွင်းမှ ရွေး ကောက်ပွဲစောင့်ကြည့် လေ့လာသူ များကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့ခြင်းက ထူးခြားမှုတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ရေးသားထားသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုထားသည့် အဓိကအချက် (၃၀) ပါရှိသည်။

ယင်းအကြံပြုချက်များအနက်  မဲဆွယ်စည်းရုံးရေးကာလများတွင် ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အမျိုးသမီးပိုမိုပါဝင်ရေး၊ မသန်စွမ်းသူများအားလုံး မဲရုံသို့လာရောက်မဲပေးခွင့်ရရေးနှင့် မဲရုံဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး သင်တန်းများပို့ချရန်တို့ကို အဓိကအချက်များအဖြစ်  လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းထားသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အစီရင်ခံစာနှင့် အကြံပြုချက်များကို The Carter Center က၂၀၁၅ မေလနှင့် သြဂုတ်တို့တွင် တစ်ကြိမ်စီ ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် ၂၀၁၅ မြန်မာနိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း အပြီးသတ်အစီရင်ခံစာဖြစ်သည်။

၂၀၁၅ တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှစ်စောင်၌ မဲဆွယ်စည်းရုံးရေးကာလများတွင် ကိုယ်စားလှယ်လောင်း များ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရှိရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းစောင့် ကြည့်လေ့လာသူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို အာမခံချက်ပေးရေးနှင့် အဆိုပါအဖွဲ့များ လိုက်နာရမည့် ကျင့်ဝတ်များသည်လည်း ပွင့်လင်း မြင်သာမှုရှိရေးတို့ လိုအပ်ကြောင်း အကြံပြုထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို လက်မှတ် ရေးထိုး ထားသင့်ပြီး ယင်းကတိကဝတ်များကိုလည်း ပါတီထောက်ခံသူများနှင့် အများပြည်သူများအား ဖြန့်ဝေထား သင့်ကြောင်း အကြံပြုထားသည်။

7 Day Daily


Leave a Reply